နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေမှာ အသက်အန္တရာယ် ထိခိုက်တဲ့အထိ ကျန်းမာရေးအခြေအနေ ဆိုးဝါးမှုတွေရှိနေတဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် သူတို့ရဲ့မိသားစုတွေကိုပါ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်အောင် နိုင်ငံရေး အကျဉ်းသားဟောင်းများ ကျန်းမာရေးစောင့်ရှောက်မှုစင်တာကို ဖွင့်လှစ်ရတာဖြစ်တယ်လို့ စင်တာဖြစ်မြောက်ရေး ဦးဆောင် လှုပ်ရှားတဲ့လွှတ်တော်ကိုယ်စားလှယ် မဖြူဖြူသင်းက ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြောက်ပိုင်းခရိုင်မှာ တရားရုံးထုတ်ချိန် ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ ဖမ်းဆီးတရားခံတွေကို စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဘက်ရှေ့နေတွေ လျှောက်လဲခဲ့ကြပြီး ရှေ့လာမယ့် ရုံးချိန်းမှာ တရားသူကြီးက ဆုံးဖြတ်မှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အရေးကြောင့် နိုင်ငံတကာက အာရုံစိုက်ခံနေရချိန်မှာပဲ မြန်မာနိုင်ငံကို ဒီလထဲသွားရောက်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအလှည့်ကျဥက္ကဋ္ဌက ကမ်းလှမ်းခဲ့ပေမဲ့ အခုအချိန်ဟာ အချိန်မတန်သေးလို့ လာဖို့မသင့်တော်သေးဘူးဆိုပြီး မြန်မာအစိုးရက ငြင်းဆန်လိုက်ပါတယ်။အခုရက်ပိုင်း အတွင်းမှာကို ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး ဆောင်ရွက်နေတာတွေကို ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့တွေကို သွားရောက်ပြသဖို့ စီစဉ်ထားတာလည်းရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောပါတယ်။
ပညာရေးအသုံးစရိတ်မြှင့်တင်ပေးဖို့ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြတဲ့ တက္ကသိုလ် ကျောင်းသူကျောင်းသားအယောက်လေးဆယ်ကျော် ကိုကျောင်းက ထုတ်ပယ်လိုက်တာဟာ အရပ်သားအစိုးရရဲ့ ဒီမိုကရေစီမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကပြောပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ က NLD ပါတီဝင်တွေ ပြည်သူတွေနဲ့ ဆက်ဆံရေးမပြေပြစ်တာ ဒီမိုကရေစီ မဆန်တာ စည်းကမ်းဖောက်ဖျက်တာ စသဖြင့်ပြည်သူတွေ အပါအဝင် ပါတီဝင်အချင်းချင်းကပါ တိုင်ကြားမှု ရှိလာရင် NLD က ချမှတ်ထားတဲ့ ပါတီစည်းကမ်းတွေ ဖောက်ဖျက်မှု ရှိမရှိ စုံစမ်းစစ်ဆေးပြီး ထိရောက်စွာ အရေးယူ သွားမှာဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင်ဦးဉာဏ်ဝင်းက ပြောဆိုလိုက်ပါတယ်။
အစိုးရတပ်နဲ့ ကချင်လက်နက်ကိုင်တပ်တို့ကြား ဆက်ပြီးတော့ အပြင်းအထန်တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ် တနိုင်း ၊ ဆွမ်ပရာဘွမ် စတဲ့ဒေသတွေမှ ပိတ်မိနေဆဲ အရပ်သားတွေ ကယ်ထုတ်ဖို့နဲ့ တောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒေသခံ ပြည်သူတွေအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေး အထောက်အပံ့တွေ အရေးတကြီး လိုအပ်နေတယ်လို့ ဒုက္ခသည် အရေး ကူညီပေးနေသူတွေကပြောပါတယ်။
ကချင်ပြည်နယ် တနိုင်း၊ မံစီနဲ့ ဆွမ်ပရာဘွမ် ဒေသတွေမှာ အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ကြား တိုက်ပွဲတွေ အတော်လေး ဆက်လက်ပြင်းထန်နေပြီး အရပ်သားတွေ ထိခိုက်သေဆုံးသလို တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ ပြည်သူတော်တော်များများ ပိတ်မိနေကြတယ်လို့ ကချင်ဒေသခံတွေက ပြောပါတယ်။
ပညာရေးအသုံးစရိတ်မြင့်တင်ပေးဖို့ မန္တလေး ရတနာပုံ ကျောင်းဝင်းနဲ့ စာသင်ခန်းတွေမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဆန္ဒပြကျောင်းသားအချို့ကို ကျောင်းစည်းကမ်းဖောက်ဖျက်မှုနဲ့ ရတနာပုံတက္ကသိုလ်က ကျောင်းထုတ်ပယ်လိုက်တယ်လို့ ရတနာပုံတက္ကသိုလ်ကထိကတဦးက ပြောပါတယ်။
နှစ်နိုင်ငံ သဘောတူညီချက်အရ သတ်မှတ်ထားတဲ့ရက်မှာတော့ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်တွေ အခုအချိန်ထိ ပြန်မရောက်လာကြသေးပါဘူး။ ဒါပေမဲ့လို့ မြန်မာအစိုးရဘက်ကနေ စိစစ်ပြီး ပြန်လည်လက်ခံနိုင်မယ့်စာရင်း ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိတွေဆီကို ပေးအပ်ထားတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးကပြောပါတယ်။
မြန်မာနိုင်ငံတွင်းက အကျဉ်းထောင်တွေထဲ အကျဉ်းခန်းနေရာနဲ့ အကျဉ်းသားအရေအတွက် မမျှမတမှုတွေကြောင့် အသက်အန္တရာယ် ထိခိုက်လာနိုင်တဲ့အထိ အကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေတွေအရမ်းဆိုးဝါးလာတဲ့အတွက် အကျဉ်းထောင်လက်စွဲဥပဒေနဲ့အညီ အစိုးရတာဝန်ရှိသူတွေ စနစ်တကျစီစဉ်ဆောင်ရွက်ပေးဖို့ အကျဉ်းသားအရေးဆောင်ရွက်သူတွေက တိုက်တွန်းလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာမယ့် ဒုက္ခသည်တွေကို တရားဝင် စတင်လက်ခံတော့မယ် ရက်နီးကပ် လာပေမဲ့လို့ သတင်းမီဒီယာသမားတွေကို နယ်စပ်ကြားစခန်းတွေမှာ သွားရောက်သတင်းရယူခွင့်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေဘက်က မီဒီယာတွေကို အကြောင်းကြားပြီး ခရီးအတွက် စီစဉ်နေတာမျိုး မရှိသေးဘူးလို့ မြန်မာသတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင်တဦးကပြောပါတယ်။
မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ နှစ်နိုင်ငံ သဘောတူညီချက်တွေအရ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်သွားသူတွေကို ပြန်လည်လက်ခံဖို့ စီစဉ်နေချိန်မှာပဲ ရခိုင်မြောက်ပိုင်းက မူဆလင်ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို အခုအချိန် ထွက်လာနေကြတုန်းပဲလို့ ဘင်္ဂလား အာဏာပိုင်တွေကပြောပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီးဦးမင်းအောင်ကို နိုင်ငံတော်သမ္မတအမိန့်နဲ့ တာဝန်က ရပ်စဲလိုက်ပြီဖြစ်ပါတယ်။ ရခိုင်စည်ပင်ဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ဖို့မသင့်တော့ကြောင်းလည်း ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ အရေးပေါ်လွှတ်တော်အစည်းအဝေးက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ထောက်ခံမဲအများစုနဲ့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
အရပ်သားအစိုးရလက်ထက် သတင်းသမားတွေအပေါ် ဖမ်းဆီးချုပ်နှောင် တရားစွဲဆိုပြီး နှိပ်ကွပ်မှုတွေ များလာတာဟာ ပြည်သူလူထုအပေါ် သတင်းစီးဆင်းမှု သတင်းသိရှိပိုင်ခွင့်တွေကို ပိတ်ပင်တားဆီးမှုဖြစ်တယ်ဆိုတာ လူထုသိရှိနိုင်ဖို့ သတင်းသမားတွေက လှုပ်ရှား ဆောင်ရွက်နေကြပါတယ်။ အခုလို သတင်းသမားတွေနဲ့ အာဏာပိုင်ကြား တင်းမာမှုတွေဖြစ်လာတာဟာ ပြန်ကြားရေးဝန်ကြီးဌာနက ပွင့်လင်းမြင်သာမှုမရှိတာနဲ့ သတင်းသမားတွေအပေါ် တရားစွဲဆိုနေတဲ့ ဝန်ကြီးဌာနအချို့အပေါ် ဖွဲ့စည်းပုံအရ အစိုးရဘက်က အာဏာ သက်ရောက်နိုင်မှု အားနည်းတာကြောင့် ဝါရင့်သတင်းသမားတွေက သုံးသပ်ပါတယ်။
ရခိုင်အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်တိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် ပြန်လာတဲ့အခါ သူတို့အတွက် တန်းတူညီမျှတဲ့ နိုင်ငံသားအခွင့်အရေး နောက် နေ့စဉ်လူနေမှုဘဝ လုံခြုံရေးနဲ့ လုပ်ငန်းခွင်လုံခြုံရေးတွေကို အဓိကထား ဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ရောက် မူဆလင်ဒုက္ခသည်တွေက တောင်းဆိုလိုက်ပါတယ်။
အရပ်သားအစိုးရလက်ထက်မှာ အကြမ်းမဖက်ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့လူငယ်တွေ နောက် သတင်းသမားလူငယ်တွေနဲ့ တိုင်းရင်းသား လူငယ်တွေကို မတရားအသင်းဆက်သွယ်မှုပုဒ်မ စတာတွေနဲ့ ဖမ်းဆီးထိန်းသိမ်း အကျဉ်းချပြီး တရားစွဲဆိုမှုတွေရှိနေတဲ့အပေါ် ခြွင်းချက်မရှိပြန်လွှတ်ပေးရေးနဲ့ လူငယ်တွေ လူ့ဂုဏ်သိက္ခာနဲ့အညီ ရပ်တည်ရှင်သန်လုပ်ကိုင်နိုင်ရေး ကျောင်းသား၊ လူငယ်နဲ့ အရပ်ဖက်အဖွဲ့အစည်းပေါင်း ၁၁၀ကျော်က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ပြီး အစိုးရကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
ရခိုင်မြောက်ပိုင်းအကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားသူတွေ ပြန်လည်လက်ခံ နေရာချထားရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံကြား သဘောတူညီထားတဲ့ ဇန်နဝါရီ ၂၃ရက်နေ့မှာ ပြန်လည်လက်ခံဖို့ မြန်မာအစိုးရဘက်က အသင့်ဖြစ်နေပြီလို့ နေရာချထားရေး ဦးဆောင်စီစဉ်နေသူ UEHRD ဒုဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ်အေးက ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းလောက်မှာ ရန်ကုန်တိုင်း ထန်းတပင်မြို့ကို ဗဟိုပြုပြီး အင်အားရစ်ခ်တာစကေး (၃.၉) အဆင့်ရှိတဲ့ မြေငလျင် လှုပ်ခတ်သွားပါတယ် ဒီလို ရက်ဆက်တိုက် ငလျင်လှုပ်ခတ်နေတဲ့ ထူးခြား အခြေအနေကြောင့် ငလျင်ဒဏ်ကာကွယ်ရေး သတိပေးတဲ့ ပညာပေးတွေကို သတိထား လိုက်နာကြဖို့ မိုးလေဝသပညာရှင်တွေက သတိပေးပါတယ်။
ကန့်သတ်ပိတ်ပင်ခြင်းခံနေရတဲ့ လူထုတွေ့ဆုံပွဲ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်မှသာ ၂၁ရာစုပင်လုံညီလာခံကို ဆက်လက်ပြုလုပ်မယ်လို့ အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၈)ဖွဲ့ရဲ့ အရေးပေါ်အစည်းအဝေးကနေ ဒီကနေ့ သဘောတူဆုံးဖြတ်လိုက်ကြပါတယ်။
ရခိုင်မြောက်ပိုင်းဘက်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ တကျော့ပြန်ဖြစ်မယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေတဲ့အတွက် ဒေသခံတွေ လုံခြုံရေး အတော်လေး စိုးရိမ်နေကြတဲ့အတွက် ရခိုင်ပြည်နယ် လုံခြုံရေးအစီအမံတွေ စနစ်တကျဆောင်ရွက်ပေးဖို့ ဒီသီတင်းပတ်ထဲ လွှတ်တော်မှာ အဆိုတင်သွင်း ဆွေးနွေးကြဖို့ရှိတယ်လို့ ရခိုင်ပြည်နယ် ရသေ့တောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်