ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် အစုလိုက်အပြုံလိုက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲပါလာတဲ့ ရိုဟင်ဂျာကလေးငယ်လေးတွေ ပညာရေးမထိခိုက်စေဖို့နဲ့ စနစ်တကျ ပညာ ဆက်လက် သင်ကြားနိုင်ရေးအတွက် ကျောင်းဆရာတွေနဲ့ ကုလအဖွဲ့တွေဘက်က ဝိုင်းဝန်းကြိုးပမ်းနေကြ တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။
မြန်မာအစိုးရနဲ့ ကုလအဖွဲ့အစည်းတွေ သဘောတူလက်မှတ်ရေး ထိုးပြီးကတည်း ကစလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး လုပ်ငန်းတွေ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ပူးပေါင်းပြီး ပိုအရှိန်အဟုန်မြင့် ဆောင်ရွက်နေပြီဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းမှာ မြေပြိုကျရာက လူအများအပြား သေဆုံးခဲ့ရပြီးနောက် အခုအခါ ရှာဖွေကယ်ဆယ်ရေးတွေကို ရပ်လိုက်သလို အခင်းဖြစ်ရာနေရာကိုလည်း ယာယီပိတ်ထားလိုက်ပါတယ်။
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက် ကမ်းပါးနံရံပြိုကျမှုကြောင့် အနည်းဆုံး လူ၁၅ဦးသေဆုံးခဲ့ပြီး သေဆုံးသူတွေကို ဒီကနေ့ သဂြိုဟ်လိုက်ကြသလို ထိခိုက်ဒဏ်ရာရသူတွေကို လုံးခင်းဆေးရုံနဲ့ ဒဏ်ရာပြင်းထန်သူတွေကို မြစ်ကြီးနားဆေးရုံ အထိ ပို့ဆောင်ကုသပေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
၂၁ရာစုပင်လုံညီလာခံတခုလုံး ကဏ္ဍပေါင်းစုံကနေ အစုအဖွဲ့အလိုက် ခေါင်းစဉ်အသီးသီးကနေ ဆွေးနွေးနေကြတဲ့အတွက် သဘောတူညီမှုတွေရှိသလို ဆက်လက်ညှိနှိုင်းရဦးမယ့်အခြေအနေတွေရှိပေမဲ့လို့ အဖြေရလဒ်ကောင်းတွေ ထွက်လာနိုင်ဖို့တော့ မျှော်လင့်တယ်လို့ ညီလာခံကို တက်ရောက်နေတဲ့ ပါဝင်သင့်ပါဝင်ထိုက်သူအနေနဲ့ တက်ရောက်နေသူက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ သိန်းချီတဲ့ဒုက္ခသည်တွေကို UN ကဒ်တွေ စ-လုပ်ပေးနေပြီဖြစ်ပေမဲ့လို့ မြန်မာပြည်မှ ရိုဟင်ဂျာများ ဆိုတဲ့ အချက်အလက် ကဒ်ထဲထည့်သွင်းပေးဖို့ UNHCR ကို ထပ်မံ တောင်းဆိုထားတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။
ထိုင်းလှိုဏ်ဂူတွင်းပိတ်မိနေတဲ့ ဘောလုံးအသင်းကျောင်းသားလေးတွေနဲ့ နည်းပြကို ကယ်ထုတ်နေတာမှာတော့ မနေ့ကအထိ ကျောင်းသားလေး၈ဦးအထိ ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ပြီး ဒီနေ့မှာတော့ အခုနောက်ဆုံးကျန်နေသေးတဲ့ ငါးဦးကို ဆက်လက်ကယ်ထုတ်နေကြပြီဖြစ်ပြီး အခုအသံလွှင့်ချိန်မှာတော့ အားလုံးကို ကယ်ထုတ်လာနိုင်ပြီလို့ သတင်းတွေမှာဖော်ပြပါရှိပါတယ်။
စစ်ပွဲတွေရပ်တန့်ရေးငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ ကချင်ခေါင်းဆောင်သုံးဦးကို စစ်တပ်ကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ အသရေဖျက်မှုပုဒ်မနဲ့ တပ်က တရားစွဲဆိုထားတာကို ချေဖျက်ပေးဖို့ လျှောက်ထားချက်ကို ပြည်နယ်တရားလွှတ်တော်က လက်မခံပဲ တရားသူကြီးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။
ရိုက်တာ သတင်းသမားနှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှု စွပ်စွဲချက်နဲ့ ဆက်လက် တရားစွဲဆိုဖို့ ဒီကနေ့ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ ဒီအကြောင်း မဆုမွန်က တင်ပြပါလိမ့်မယ်။
မြန်မာနိုင်ငံတဝှမ်း မုတ်သုံမိုးအားကောင်းနေချိန် မွန်ပြည်နယ်ဘက်မှာတော့ မိုးများရေလျှံပြီး မုတ္တမတိုက်နယ်ဆေးရုံထဲ ရေအလုံးအရင်းနဲ့ဝင်လာလို့ လူနာတွေအားလုံးကို အရေးပေါ်ရွှေ့ပြောင်းကုသမှုပေးနေပြီး အရေးပေါ်ကူညီ ကယ်ဆယ်ကုသရေးတွေ ဆောင်ရွက်ပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီး ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကျောင်းသားသမဂ္ဂ အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတာ ဒီကနေ့ ၅၆ နှစ်မြောက်ပြည့်မြောက်ချိန် အခု ဒီမိုကရေစီနည်းကျရွေးချယ်ထားတဲ့ အရပ်သားအစိုးရက နိုင်ငံကိုအုပ်ချုပ်နေပြီဆိုပေမဲ့ ကျောင်းသားတွေ အခွင့်အရေးတွေက စစ်အာဏာရှင်လက်ထက်ထက် ပိုပြီးတော့ တိုးတက်လာတာမတွေ့ရဘူးလို့ ကျောင်းသား အခွင့်အရေးလှုပ်ရှားသူတွေကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွင်း မိုးများရေကြီးပြီး မြေပြိုကျမှုတွေကြောင့် ကချင်ပြည်နယ် ဖားကန့်ဒေသထဲ လူသေဆုံးခဲ့ရသလို ဒေသခံ ထောင်နဲ့ချီ ရေဘေးသင့်ခဲ့ရတယ်လို့ ဖားကန့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကပြောပါတယ်။ ရာသီဥတုဆိုးဝါးလို့ မြေပြိုကျပြီး လူရာချီသေဆုံးတဲ့အထိ မြေစာပုံတွေ ပြိုကျလေ့ရှိတဲ့ ဖားကန့်ကျောက်စိမ်းတွင်း လုပ်ငန်းခွင်တွေ၊ ရေမဆေး ကျောက်ရှာဖွေတဲ့ နေရာတွေမှာတော့ ဘေးအန္တရာယ်ကြီးကြီးမားမား မကြုံရလေအောင် လုပ်ငန်းခွင် ကြိုတင်ကာကွယ်မှုတွေကို ကုမ္မဏီလုပ်ငန်းရှင်တွေဘက်က ဆောင်ရွက်ပေးသင့်တယ်လို့လည်း ဒေသခံသတင်းသမားတွေက တိုက်တွန်းပါတယ်။
စစ်မှန်တဲ့ဒီမိုကရေစီစနစ်ဖော်ဆောင်မယ်ဆိုတဲ့ အရပ်သားအစိုးရလက်ထက်မှာ လွတ်လပ်စွာ ဆန္ဒသဘောထားထုတ်ဖော်ပြောဆိုခွင့် ကို ထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံရမှုက ဒီနေ့ဇူလိုင်လ ၄ရက်နေ့အထိ တရားစွဲဆိုမှုပေါင်း တရာ့နှစ်ဆယ်ကျော်သွားပြီလို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအသံက ပြောဆိုလိုက်ပါတယ်
တိုက်ပွဲတွေရပ်ရေးနဲ့ စစ်ဘေးသင့် ပိတ်မိပြည်သူတွေ လွတ်မြောက်ရေး ဦးဆောင်ခဲ့တဲ့ ကချင်ခေါင်းဆောင်သုံးဦးကို တပ်ကို အကြည်ညိုပျက်အောင် လုပ်တယ်ဆိုပြီး အသရေဖျက်မှုပုဒ်မ (၅၀၀)နဲ့ တရားစွဲဆိုမှုမှာ အမှုမခိုင်လုံတဲ့အတွက် အမှုက ပလပ်ပေးဖို့ဒီကနေ့ ကချင်ပြည်နယ် တရားလွှတ်တော်မှာတရားစွဲခံရသူတွေဘက်က လျှောက်လဲခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့ ကုလအတွင်းရေးမှူးချုပ် နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌတို့ဟာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီ ဒီကနေ့ သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေနဲ့ ကိုယ်တိုင် တွေ့ဆုံခဲ့ကြတာမှာ ဒုက္ခသည်တွေရဲ့အခက်အခဲတွေနဲ့ ရင်ဖွင့်သံတွေကို နားထောင်ခဲ့ကြပါတယ် ဒုက္ခသည်တွေဘက်က ရခိုင်ပြည်နယ်အကြမ်းဖက်မှုအတွင်း သူတို့ရင်ဆိုင်ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဆုံးရှုံးနစ်နာမှုတွေကို တင်ပြခဲ့ကြသလို နေရပ်ပြန်ရေးကိစ္စအတွက်လည်း ခိုင်မာတဲ့အာမခံချက်နဲ့ လုံခြုံစိတ်ချမှုရှိစေရေးတောင်းဆိုခဲ့ကြတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။
ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အပေါ် ပိုပြီး ဖိအားပေး ဆောင်ရွက်သွားမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဒီကနေ့ ဘင်္ဂလားဒေရှ့် ခရီးစဉ်အတွင်း ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့ဘဏ် ဥက္ကဌနဲ့ အတူ ဘင်္ဂလားဒေရှ့်ကို ဒီကနေ့ ရောက်လာတဲ့ ကုလ အတွင်းရေးမှူးချုပ်က မနက်ဖြန်မှာတော့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို သွားရောက်ဖို့လည်း စီစဉ်ထားတာပါ။
မကြာသေးခင်ရက်တွေတုန်းက အမေရိကန်ဒေါ်လာနဲ့ ကျပ်ငွေလဲနှုန်း သိသိသာသာ တက်သွားခဲ့ပေမဲ့ ဘဏ္ဍာရေးနဲ့ စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက် တရက်ဖြစ်တဲ့ ဒီနေ့မှာတော့ ဈေးအနည်းငယ် လျော့ကျသွားပါတယ်။
ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ကောင်စီမှာ ဒီကနေ့ဆွေးနွေးမှုတွေအရ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားတွေ တိုးလာနေတာ သိသိသာသာ တွေ့လာနေရတဲ့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဖြေရှင်းဖို့ လိုအပ်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက သတိပေးလိုက်ကြပါတယ်။
ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး ပိတ်ဆို့ဒဏ်ခတ်မှုတွေ အပါအဝင် နိုင်ငံတကာက ဖိအားပေးနေတာတွေဟာ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေကို မထိခိုက်ဖို့ လိုအပ်ကြောင်း မြန်မာအစိုးရက သတိပေးလိုက်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး နိုင်ငံရေးခြေလှမ်းတရပ်အနေနဲ့ ကျင်းပတဲ့ NLD ပါတီရဲ့နိုင်ငံလုံးဆိုင်ရာညီလာခံမှာ NLD အနေနဲ့ ရှေ့လုပ်ငန်းစဉ်တရပ်ဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူလူထု ထိခိုက်နစ်နာမှုအနည်းဆုံးဖြစ်စေတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ဒီကနေ့ ညီလာခံအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်