Zaporizhzhia အနူမြူစွမ်းအင်စက်ရုံတိုက်ခိုက်ခံရမှုအပြန်အလှန်အပြစ်တင်

(FILES) A photo shows a view of the Russian-controlled Zaporizhzhia nuclear power plant in southern Ukraine on June 14, 2023.

ရုရှားတို့ထိန်းချုပ်ထားတဲ့ Zaporizhzhia အနူမြူစွမ်းအင်စက်ရုံကို တနင်္ဂနွေနေ့ ဒရုန်းယာဥ်နဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ဖြစ်ရပ်မှာ ရုရှားနဲ့ ယူကရိန်း အပြန်အလှန်ပြစ်တင်ပြောဆိုနေကြပါတယ်။ တိုက်ခိုက်မှုကြောင့် လူ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တဦးကတော့ ဒဏ်ရာပြင်းထန်ပါတယ်။ ဒါဟာ ဆိုးရွားပြင်းထန်တဲ့တိုက်ခိုက်မှုဖြစ်ပြီး နောက်တကြိမ်ထပ်ဖြစ်လို့ မရဘူးလို့ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ IAEA အကြီးအကဲ Rafael Grossi ကတနင်္လာနေ့မှာ ပြောပါတယ်။

ရုရှားအစိုးရပြောခွင့်ရသူ Dmitry Peskov က အနုမြူစွမ်းအင်စက်ရုံကို ယူကရိန်းတို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒါဟာ အန္တရာယ်သိပ်များတဲ့ ရန်စမှုဖြစ်တယ်လို့ တနင်္လာနေ့က စွပ်စွဲပြောဆိုပါတယ်။ ယူကရိန်းကလည်း ရုရှားတို့လက်ချက်အဖြစ် တုန့်ပြန်ပြောဆိုပါတယ်။ နျူကလီးယားစွမ်းအင်စက်ရုံတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးတရပ်ခေါ်ယူပေးဖို့ အဖွဲ့ဝင် ၃၅ နိုင်ငံရှိတဲ့ IAEA ဘုတ်အဖွဲ့ကို ပန်ကြားထားတယ်လို့ ရုရှားသံတမန် မီခေးလ် အူယာနော့ဗ်က X လူမှုစာမျက်နှာမှာ တနင်္လာနေ့က ရေးပါတယ်။

စစ်ပွဲအရေးလေ့လာနေတဲ့ ဝါရှင်တန်အခြေစိုက် Think Tank အဖွဲ့တခုကတော့ အချုပ်အခြာအာဏာပိုင် ယူကရိန်းမြေပေါ်က နျူကလီးယားစက်ရုံကို ကိုယ်တိုက်ကိုယ်ကျ ထိန်းချုပ်သိမ်းပိုက်ပြီး၊ တရားဝင်ဖြစ်သွားအောင် IAEA အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကို ရုရှားက အသုံးချဖို့ကြိုးပမ်းတာလို့ သုံးသပ်ပါတယ်။

ယူကရိန်းအနုမြူစွမ်းအင်ကုမ္ပဏီ Energoatom က နာမည်မဖော်လိုတဲ့သတင်းရင်းမြစ်တခုတော့ စွမ်အင်စက်ရုံတိုက်ခိုက်မှုကို ရုရှားကကြိုးကိုင်ခဲ့တာဖြစ်ပြီး ယူကရိန်းလက်ချက်အဖြစ် လုပ်ကြံစွပ်စွဲတာလို့ အေပီသတင်းဌာနကို ပြောပါတယ်။ ဥရောပတိုက်ရဲ့ အကြီးဆုံးနျူကလီးယားဓာတ်အားပေးစက်ရုံတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ရုရှားနဲ့ ယူကရိန်း အရင်တုန်းကလည်း အပြန်အလှန်ပြစ်တင်ပြောဆိုခဲ့ဖူးပါတယ်။

Your browser doesn’t support HTML5

Zaporizhzhia အနူမြူစွမ်းအင်စက်ရုံတိုက်ခိုက်ခံရမှုအပြန်အလှန်အပြစ်တင်