ကမ္ဘာပေါ် မှာ ဖျက်အား အပြင်းဆုံး အပင်ဖျက် ပိုးတမျိုးဖြစ်တဲ့ မော်ရိုကိုကျိုင်းကောင်တွေဟာ အာဖဂန် နစ္စတန်ရဲ့ ပြည်နယ် ၃၄ အနက် ၈ ခုမှာ ပျံ့နှံ့နေတယ် ဆိုပါတယ်။ ကလေး သူငယ် ၃.၂ သန်းအပါအဝင် နိုင်ငံ့ လူဦးရေရဲ့ သုံးပုံ တပုံ ဖြစ်တဲ့ လူ ၁၅ သန်းကျော်ဟာ လာမယ့် ၅ လအတွင်းမှာ အဆိုးရွားဆုံး ငတ်မွတ် ခေါင်းပါးမှုဒဏ်နဲ့ကြုံရနိုင်ပြီး ကပ်ဘေးအဆင့် သတ်မှတ်နိုင်တဲ့ အငတ်ဘေးကြီးနဲ့ ရင်ဆိုင်ရနိုင်ခြေ ရှိနေတယ်လို့ Save the Children က သတိပေးထားပါတယ်။ အာဖဂန်နစ္စတန်မှာ ပြီးခဲ့တဲ့ နှစ်လအတွင်း ရန်ပုံငွေပြတ်လပ်မှုကြောင့် လူ ၈ သန်းအတွက် စားနပ်ရိက္ခာအကူအညီ ဖြတ်တောက်ခဲ့ရချိန်မှာပဲ အခုလို ကျိုင်းကောင် ကျရောက်တဲ့ အန္တရာယ်နဲ့ ထပ်ကြုံနေရတာ လို့လည်း ပြောပါတယ်။
အာဖဂန်နစ္စတန် Sholgara အရပ်မှာ ကျိုင်းကောင်တွေကျ ဂျွန် ၄၊ ၂၀၂၃။
ဆင်းရဲတွင်းနက်နေတဲ့ အာဖဂန်နစ္စတန်မှာ "အငတ်ဘေးကပ် ဆိုက်မယ့် အခြေအနေမျိုး အထိ မဖြစ်စေဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ပေးရေးနဲ့ ဖွံ့ဖြိုးအကူအညီတွေ ပြန်လည် စတင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို Save the Children က တိုက်တွန်းထားပါတယ်။
အာဖဂန်နစ္စတန်က အကူအညီပေးရေးအဖွဲ့တွေဟာ အကူအညီ လိုအပ်နေတဲ့ ကလေးတွေနဲ့ မိသားစုတွေ အထူးသဖြင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တေ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေ ဒေါ်လာ ၂.၂ ဘီလီယံလိုအပ်နေတာပါ။ အကူအညီရန်ပုံငွေတွေ ချက်ချင်းတိုးမရရင် ကလေးသူငယ် သန်းနဲ့ချီဟာ ထိခိုက်မှုတွေကြုံရမယ်လို့ Save the Children က ထောက်ပြပါတယ်။
အာဖဂန်နစ္စတန် Sholgara အရပ်မှာ ကျိုင်းကောင်တွေကျ ဂျွန် ၄၊ ၂၀၂၃။
အာဖဂန်နစ္စတန်ကို တာလီဘန်တွေ တကျော့ပြန်သိမ်းယူပြီးနောက်မှာ နိုင်ငံတကာအသိုင်းအဝိုင်းက ဖွံ့ဖြိုးရေးအကူအညီ ပေးတာတွေကို ဆိုင်းငံ့ထားပြီး ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထား တာပါ။ အာဖဂန်နစ္စတန်ဟာ နှစ်ပေါင်းများစွာ စစ်ပွဲဒဏ်ခံနေရတာ အပြင် ကာလရှည် မိုးခေါင်မှုဒဏ်လည်း ခံနေရလို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပြီး အဲဒီအခြေအနေဟာ တာလီဘန်တွေ သိမ်းပိုက်ပြီးနောက်မှာ ပိုမိုဆိုးရွားလာနေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
Your browser doesn’t support HTML5
ကျိုင်းကောင်ဒဏ်ကြောင့် အာဖဂန်နစ္စတန်မှာ အငတ်ဘေးသင့်နိုင်