သတင်းထောက် နှစ်ဦး အယူခံနှင့် တရားစီရင်ရေး လွတ်လပ်ခွင့်

Myanmar press freedom advocates and youth activists hold a demonstration demanding the freedom of two jailed Reuters journalists Wa Lone and Kyaw Soe Oo in Yangon, Myanmar September 16, 2018. REUTERS/Ann Wang - RC1F401818F0

Myanmar press freedom advocates and youth activists hold a demonstration demanding the freedom of two jailed Reuters journalists Wa Lone and Kyaw Soe Oo in Yangon, Myanmar September 16, 2018. REUTERS/Ann Wang - RC1F401818F0

Your browser doesn’t support HTML5

Reuters သတင်းထောက် နှစ်ဦး အယူခံမှာ လွတ်နိုင်သလား

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာအစီအစဉ်မှာ မြန်မာနိုင်ငံမှာ အငြင်းပွါးဖွယ် အစိုးရလျှို့ဝှက်ချက်ဥပဒေ နဲ့ တရားစွဲဆိုခံရပြီး ထောင်ဒဏ် ချမှတ်ခံရတဲ့ ရိုက်တာသတင်းထောက် နှစ်ယောက်က အယူခံတင်ထားကြပါတယ်။ ဥပဒေကြောင်းအရရော လက်ရှိသမ္မတရဲ့ ပုဂ္ဂိုလ်ရေးသဘောသဘာဝအရပါ ကြည့်မယ်ဆိုရင် သူတို့ နှစ်ဦးဟာ အယူခံမှာလွတ်မြောက်နိုင်တဲ့ အလားအလာ ရှိနေပါတယ်။ ဒါပေမဲ့ တကယ်ပဲ လွတ်မြောက်လာပါ့မလားဆိုတာကို သံသယ ဖြစ်စရာရှိနေတယ်လို့လည်း လူ့အခွင့်အရေး ရှေ့နေကြီးဦးကြီးမြင့် က ဆိုပါတယ်။ ပြည်ထောင်စုရှေ့နေများအသင်းနဲ့ ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဦးကြီးမြင့်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ဦးကြီးမြင့်နဲ့ ဆွေးနွေးလိုတဲ့အကြောင်းရင်းကတော့ ရိုက်တာသတင်းထောက်နှစ်ယောက် အယူခံတက်တဲ့ကိစ္စနဲ့ ပတ်သက်ပါတယ်။ ဒီအမှုက အစကတည်းက ပြစ်ဒဏ်မမြောက်တဲ့အမှုဆိုပြီးတော့ အချို့က သုံးသပ်ကြပါတယ်။ ဒီအမှုဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ အကျဉ်းရုံး ဥပဒေကြောင်းအရ ဘယ်လောက်မှန်မှန်ကန်ကန် စီရင်စစ်ဆေးခဲ့သလဲဆိုတာကို အကြမ်းဖျဉ်းလေး သုံးသပ်ပေးပါ။

ဦးကြီးမြင့် ။ ။ ပထမ စစွဲဆိုကတည်းက တောက်လျှောက် ကျနော်တို့အဖွဲ့တွေ ပြည်ထောင်စုရှေ့နေများအသင်းနဲ့ ဥပဒေအထောက်အကူပြုအဖွဲ့ရဲ့ ရပ်တည်ချက်ကတော့ သတင်းမီဒီယာသမားကို သတင်းမီဒီယာဥပဒေနဲ့ပဲ အရေးယူရမယ်။ လျှို့ဝှက်ချက်ဥပဒေဆိုတာ အင်္ဂလိပ်လက်ထက်က ပြဌာန်းခဲ့တဲ့ အထူးဥပဒေ ဖြစ်ခဲ့သော်လဲ အထူးဥပဒေချင်းတူရင် သတင်းမီဒီယာဥပဒေကလည်း အထူးဥပဒေပဲ။ ဥပဒေနှစ်ရပ် တူလို့ရှိရင် ၁၉၇၃ ခုနှစ် … ဥပဒေကြီးက နောက်ကျတဲ့ ဥပဒေဖြစ်တဲ့ သတင်းမီဒီယာက လွှမ်းမိုးတယ်။ ဒါကြောင့်မို့ လျှို့ဝှက်ချက်ဥပဒေနဲ့ သတင်းမီဒီယာသမားကို အရေးယူလို့မရဘူးလို့ ကျနော် တောက်လျှောက်ရပ်တည်လာပါတယ်။

Eleven Media အမှုမှာလည်း ဒီအတိုင်းပဲ ရပ်ပါတယ်။ သာမန်ရာဇသတ်ကြီးအမှုနဲ့ စွဲလို့မရဘူး၊ သတင်းမီဒီယာဥပဒေနဲ့ပဲ စွဲရမယ်ဆိုတာကို အခုသမ္မတကြီးက လက်ခံလိုက်ပြီးတော့ အဲဒီအတိုင်း ညွှန်ကြားထားပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခါ အချက်အလက်ပိုင်းအရ ဒီသတင်းနှစ်ဦး လုပ်ခဲ့တဲ့လုပ်ရပ်တွေက သူတို့ကိုယ်တိုင် တကယ်တမ်း ပြစ်မှုကို ကျူးလွန်ခဲ့တဲ့ လုပ်ရပ်လို့ ပေါ်လွှင်ထင်ရှားပါသလား။ စစ်ဆေးတဲ့အခါ။

ဦးကြီးမြင့် ။ ။ အဲဒါက စွဲဆိုကတည်းက လွှဲနေတဲ့အခါကြတော့ ဒုတိယပိုင်းကိုတော့ မလွှဲမရှောင်သာ ပြောရမယ်ဆိုရင် ဒီသတင်းမီဒီယာသမားတွေကို လှို့ဝှက်ချက်ဥပဒေနဲ့ အရေးယူတဲ့အခါမှာ “မတတ်နိုင်တော့ဘူး။ ငါတို့ကတော့ ပြောလို့တော့ (၇) ပြောလို့တေကတော့ ပြောလို့တော့မနိုင်တော့ဘူး။ ကဲ သူတို့ကို တရားလိုပဲသွား စစ်ဆေးချက်တွေကို အကဲဖြတ်တော့မယ်ဆိုပြီး ကျနော်တို့က ဒီလိုပဲ စိတ်ကိုလျှော့ထားလိုက်တာပါ။ အဲဒီမှာ တရားလိုဘက်ကို စစ်ဆေးတဲ့အခါမှာ တရားလိုဘက်က သက်သေပြရန် ဘယ်မှာပျက်ယွင်းသွားသလဲဆိုတော့ ရဲမှူးမိုးကျော်နိုင်ကနေ သူကို အဲဒီလိုလုပ်ကြံပြီးတော့ ဝလုံးတို့ကို ထောင်ချောက်မဆင်လို့ရှိရင် သူကို ချုပ်ပြစ်မယ်၊ အရေးယူမယ်၊ ထောင်ချပစ်မယ်လို့ ရဲမှူးချုပ်က အမိန့်ပေးလို့ လုပ်ရပါတယ်။ တကယ်ကြတော့ အဲဒီလူတွေက တကယ်ကျူးလွန်ကြတာ မဟုတ်ဘူး။ အဲဒီလူတွေ ဘာမှလုပ်တာ မဟုတ်ဘူး။ ခိုင်းလိုသာ လုပ်ရပါတယ်ဆိုတော့ အဲဒီမှာ ထွက်လိုက်တဲ့အခါ အဲဒီမှာ အမှုက ပျက်တော့တယ်။

နောက်တချက်က အဲဒီမှာ ရဲတပ်ကြပ်ကြီးခင်မောင်လေး ဆိုတာရှိတယ်။ သူကို ရုံးဆီကို မပို့နိုင်ဘူး။ တရားလိုပြသက်သေ ဘယ်ရောက်သွားမှန်မသိဘူး။ အဲဒီနောက် ရုပ်ပျက်ဆင်ပျက် အမှုကြီး ဖြစ်တယ်ကြောင့် ကျနော်က ဥပဒေအရ ပြောတာ၊ နိုင်ငံရေးအရ ပြောတာမဟုတ်ဘူး။ လုံးဝ ဒီအမှုက ပျက်နေတဲ့အမှု ဖြစ်တယ်ဆိုတာကို အတိအကျ ပြောနိုင်ပါတယ်။

ကျော်ဇံသာ ။ ။ ဒါကြောင့်လဲ လူတွေက ဒီအမှုရဲ့ နောက်ကွယ်မှာ အာဏာပိုင်တွေ ရှိနေတယ်။ အာဏာပိုင်ဆိုရာမှာ အထူးသဖြင့် တပ်မတော်ပိုင်းက မကြိုက်လို့ ဒီလူတွေကို ထောင်ချချင်လို့ ဒီအမှုက ဒီအတိုင်း ဖြစ်နေရတယ်လို့ သုံးသပ်ကြတယ်။ နိုင်ငံတကာကလည်း ပြောကြတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဦးကြီးမြင့် သူတို့ပြောတာ လွန်နေလား။

ဦးကြီးမြင့် ။ ။ အဲဒါနဲ့ ပတ်သက်လို့က ဒီလိုရှိတယ် … တပ်နဲ့ပတ်သက်လာတဲ့ အမှုတွေကို များသောအားဖြင့် တရားရုံးတွေက အပြစ်ပေးတာများပါတယ်။ ရာခိုင်နှုန်းအပြည့်နီးပါး ရှိပါတယ်။ ဒီလိုတွေ ဘာလို့ဖြစ်ရလဲဆိုတော့ တရားသူကြီးချုပ်ကိုယ်နှိုက်က တပ်ကလာတာ - ဒုဗိုလ်မှူးကြီးကလာတာ ဖြစ်တယ်။ နောက်တခါ ဦးသန်းရွှေကိုယ်တိုင် ခန့်ခဲ့တဲ့လူတွေ ဖြစ်တယ်။ ဒါကြောင့် သူကလဲ လက်ရှိအရပ်သားအစိုးရနဲ့လည်း ခန့်ခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ ဒီနေ့မြန်မာပြည် အခြေအနေက တပ်ပေါ်မှာပဲ တရားရေးဌာနက သစ္စာ ရှိတယ်။ အဲဒီအပေါ်မှာပဲ လိုက်နာတာကို တွေ့ရတယ်။ အခု သမ္မတကြီး တက်လာတဲ့အခါကြတော့ ပြည်သူတွေက အားတက်လာပြီး သမ္မတကြီးကို အားကိုးချင်တဲ့စိတ်တော့ ရှိတယ်။ သို့သော်လဲ အခြေခံအကြောင်းတွေအားလုံးနဲ့ အခု ဝလုံးတို့ သတင်းထောက်နှစ်ယောက် ကိစ္စမှာတော့ တပ်ရဲ့အလိုကျပဲ တရားစီရင်ရေးက လိုက်တယ်လို့ ကျနော်က အဲဒီလိုပဲ သြဇာမကင်းတော့ဘူးဆိုတာ အဲဒီမှာ သံသယ ရှိတော့တယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ပြစ်ဒဏ်ချမှတ်လိုက်တဲ့အခါမှာလဲ အဲဒီပြစ်ဒဏ်စီရင်တဲ့အထဲမှာ ဖော်ပြထားတဲ့ ပြစ်မှုဆိုတာက သူတို့စွဲဆိုထားတာနဲ့ မတူဘူးလို့ ထောက်ပြကြတယ်။ အဲဒါ ဟုတ်ပါသလား။

ဦးကြီးမြင့် ။ ။ ဟုတ်ပါတယ်။ စဆွဲတုန်းက ပုဒ်မနဲ့ တကယ်သုံးသပ်ပြီး ချလိုက်တဲ့ဟာနဲ့က မတူဘူး၊ လွဲနေတာလည်း ရှိတယ်။ အဲဒါက ဥပဒေအချက်အလက်အရ လွဲနေတာလည်း ရှိပါတယ်။ အဲဒါ ရှင်းရှင်းပြောရရင်တော့ ဒီလိုတွေ ဘာလို့ဖြစ်ရလဲဆိုတော့ တရားစီရင်ရေးကိုက မလွတ်လပ်ဘဲနဲ့ ဟိုကပြောတာကြောက်ပြီးတော့ အကြောက်တရားနဲ့ အဂတိတရားလေးပါးမှာ ဘယာဂတိနဲ့ ကြောက်ပြီးတော့ လုပ်လိုက်တယ်လို့ ဒီလိုပဲ မှတ်ယူပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီမှာကြားဖြတ်မေးချင်တဲ့ ကိစ္စတခု ရှိပါတယ်။ တရားဥပဒေကြောင်းအရတော့ သိပ်မဆိုင်ဘူး။ ဒါပေမဲ့ ဒီနေရာမှာ လူထုသဘောထားက တချို့ကလဲ ဒီကိစ္စဟာ အမျိုးသားရေးနဲ့ ပတ်သက်တယ်၊ ဘာညာ သူတို့ဘာသာ အဓိပ္ပါယ်ဖွင့်ကြပြီးတော့ ဒီသတင်းထောက်တွေကို အပြစ်တင်တယ်။ တပ်ရဲ့လုပ်ရပ်က မှန်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ တွေးကြတဲ့လူ ရှိပါတယ်။ ဒီလိုကိစ္စမျိုးတွေကို တရားဥပဒေသမားတွေက ထည့်သွင်းစဉ်းစားသင့်ပါလား။

ဦးကြီးမြင့် ။ ။ တခုတော့ရှိတယ် ကျနော်တို့က ဗမာနိုင်ငံမှာနေတဲ့အခါကြတော့ လူထုသဘောထားကိုလည်း လေ့လာကြရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေကလည်း အချက်အလက်နဲ့လည်း မကင်းဘူး။ ဥပဒေတခုတည်း မဟုတ်ဘူး၊ အကြောင်းအချင်းအရာ အချက်အလက်နဲ့ Fact and Law နှစ်ခုရှိတယ်။ အဲဒီတော့ Fact နဲ့ ပတ်သက်လို့ ကျနော်တို့က စဉ်းစားတဲ့အခါကြတော့ လူထုရဲ့ ထင်မြင်ချက်က ဘာလဲဆိုတော့ တချို့အယူအဆ ပြင်းထန်တဲ့လူတွေ - အထူးသဖြင့် အစွန်းရောက်တဲ့လူတွေက ဘာလဲဆိုတော့ ဒီ ဘင်္ဂလီတွေ လုပ်တဲ့ဟာကို ဘာဖြစ်လဲ .. အဲဒါကို ဒီကောင်တွေက ဖော်ထုတ်ရလား။ ဒီကောင်တွေက နိုင်ငံခြားသား ကြေးစားတွေလား။ အဲဒီလို စိတ်ဓါတ်တွေနဲ့ လုပ်နေတာကို တွေ့တဲ့အခါကြတော့ ကျနော်တို့လည်း အတော်စဉ်းစားရတယ်။ ဒီဟာက ဟုတ်တော့ဟုတ်တယ် … ဘာဖြစ်လို့လဲဆိုတော့ ငါတို့ဆီမှာလာပြီးတော့ ဘင်္ဂလီတွေရဲ့ လွှမ်းမိုးမှုတွေ၊ ရာဇဝင်အဆက်ဆက်နဲ့ ပြဿနာဖြစ်ခဲ့တာဆိုတော့ ကျနော်တို့ပြောရဆိုရတာ အတော်လေးသတိထား ပြောရတယ်။ အခု ကျနော်ပြောနေတာတောင် ကျနော့်ကိုယ်ကျနော် သေသေချာချာ စမ်းစစ်ပြီးတော့မှ ပြောနေရတယ်။ ရှေ့နောက်ကြည့်ပြီး ပြောနေရတယ်။ သို့သော်လဲပဲ ဥပဒေနဲ့ကြည့်မယ်ဆိုရင်တော့ တရားလိုက သက်သေကောင်းစွာ မပြနိုင်ဘူး။ တရားခံဘက်က ကောင်းစွာထုချေနိုင်တယ်ဆိုရင် စီရင်ထုံးတွေအရ တရားခံကိုပဲ ဦးစားပေးရမယ်၊ သူကို သက်ညှာရမယ်လို့ အဲဒီလို စီရင်ထုံးတွေ ရှိတာမို့ တရားလိုဘက်ကို ကျနော်တို့က မထောက်ခံခဲ့ခြင်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ရှေ့ဆက်ပြီးကြည့်မယ်ဆိုရင် သူတို့ အယူခံတင်ထားတဲ့ကိစ္စမှာ တချို့ကလဲပြောတယ် … အယူခံကလဲ တရားစီရင်ရေး Judicial Process သွားပြီတဲ့အခါမှ အုပ်ချုပ်ရေးအကြီးအကဲ၊ နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးနိုင်တယ်လို့ တချို့က ဖွဲ့စည်းပုံမှ (၂၀၄) ကို ထောက်ပြပြီး ပြောကြပါတယ်။ တချို့ကလဲ မဟုတ်ဘူး -- အဲဒီမှာ (၂၀၄-က) အရ သမ္မတက ကြားဝင်ပြီးတော့ လွတ်ငြိမ်းခွင့် ပေးနိုင်တယ်လို့ ပြောကြပါတယ်။ ဒီကိစ္စနှစ်ခုမှာ ဘယ်ဟာက ပိုပြီးတော့မှန်ကန်ပါလဲ။

ဦးကြီးမြင့် ။ ။ သမ္မတက အချိန်မရွေး လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ပါတယ်။ ပေးခဲ့တဲ့ သာဓကပေါင်းမြောက်မြားစွာလည်း ရှိပါတယ်။ အများကြီးလည်း ဦးသိန်းစိန်လက်ထက်မှာ လွှတ်ပေးခဲ့ပါတယ်။ အဲဒီလို သမ္မတရဲ့ အာဏာရှိပါတယ်။ တရားစီရင်နေဆဲ အမှုတွေတောင် လွှတ်ပြစ်လို့ နောက်ကျတော့ သူတို့က Break အုပ်ရတယ်။ အဲဒါတွေက အုပ်ချုပ်ရေးက ဝင်စွတ်ဖက်သလို ဖြစ်နေပြီဆိုက Break အုပ်ပါတယ်။ ဒါကြောင့် တရားစီရင်နေဆဲအမှုမှအပ စီရင်ချက်ချပြီးတဲ့ ဘယ်အမှုမဆို သမ္မတက အာဏာရှိပါတယ်။ လွှတ်ပေးနိုင်ပါတယ်။ ဒါက အတိအကျပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခုကိစ္စမှာကော သမ္မတက ပေးလိမ့်မယ်ထင်ပါသလား။ သမ္မတက ဥပဒေသမားတယောက်လည်း ဖြစ်တယ်။ အတွေ့အကြုံရှိတဲ့ ရှေ့နေကြီးတဦးလည်း ဖြစ်ခဲ့တယ်။ ဆိုတော့ တချို့ကိစ္စတွေမှာလည်း သူက ဥပဒေနဲ့အညီ လုပ်ပါလို့ ပြောနေတာရှိတယ်။ အခုကိစ္စမှာကော သမ္မတက သူ့ရဲ့လုပ်ပိုင်ခွင့်ကိုသုံးပြီး ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပေးနိုင်တဲ့ အလားအလာ။ ဒါကတော့ နိုင်ငံရေးနဲ့ ချင့်ချိန်ပြီး သုံးသပ်မယ်ဆိုရင် တပ်မတော်ရဲ့သဘောထားကတဘက် အဲဒီလို လွန်ဆန်ပြီးတော့ ပေးနိုင်လိမ့်မယ်လို့ သုံးသပ်မိပါသလား။

ဦးကြီးမြင့် ။ ။ တပ်မတော်ကလဲ အဲဒီလို အတင်းအဓမ္မကြီးတော့ မဟုတ်ဘူး။ သူ့ဘက်ကလဲ ပေးဆပ်ထားရတာတွေရှိတော့ သူ့ရဲ့စစ်ဗိုလ်တွေ၊ တပ်ရင်းမှူးတွေကို ဒါနဲ့ပတ်သက်လို့ ပေးဆပ်ထားရတော့ သူကတော့ နည်းနည်းတော့ ခံစားချက်ရှိတယ်။ သို့သော်လဲ သမ္မတကြီးက ဟိုအရင်သမ္မတ ဦးသိန်းစိန်လက်ထက်တုန်းကဆိုရင် တရုတ်သစ်ခိုးသမားတွေကို တသက်တကျွန်းချထားတာကို ရှစ်ရက်နဲ့ လွှတ်ပေးလိုက်တယ်။ လုပ်ခွင့်ရှိပါတယ်။ အဲဒီတုန်းကလဲ တပ်ကဘာမှမပြောခဲ့ပါဘူး။ အဲဒီတော့ အခုလဲပဲ သမ္မတကြီးအနေနဲ့ ဒီကိစ္စကို ချင့်ချိန်ပြီးတော့ ရန်ကုန်ဝန်ကြီးချုပ်က Eleven ကိုစွဲတာ မှားသလို၊ သူကလည်း စစွဲကတည်းက မှားနေတော့ သမ္မတကြီးက ပြန်တည့်မတ်တဲ့အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုရင် ဒီသမ္မတက သတ္တိရှိပြီးတော့ ပြည်သူကလည်း ယုံကြည်အားကိုးတဲ့သမ္မတ ဖြစ်တယ်။ မှန်မှန်ကန်ကန်လည်း လုပ်တာကို နိုင်ငံတကာကိုလည်း သိစေမယ်။ ပြည်တွင်းကိုလည်း အချက်ပြထားတဲ့ဟာတွေ အများကြီးရှိနေပါပြီ။ ဒါကြောင့် ဒီကိစ္စမှာ သမ္မတက မလုပ်ရဲစရာတော့ မရှိပါဘူးလို့ ကျနော် ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တဲ့ဟာ တခုကတော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်၊ လွတ်လပ်မှု Freedom of Judiciary ဟာ ရွေးကောက်ခံရတဲ့ အရပ်သားအစိုးရ တက်လာခဲ့ပြီးနောက်ပိုင်းမှာ ဘယ်လောက်အထိ တိုးတက်ကောင်းမွန်လာမှု ရှိခဲ့ပါသလဲ။ အရင်နဲ့ နှိုင်းယှဉ်ကြည့်ပြီးတော့ အကျဉ်းရုံးပြောပြပေးပါ။

ဦးကြီးမြင့် ။ ။ သမ္မတကြီးဦးဝင်းမြင့် တက်မလာခင်အထိတော့ ဒုံရင်းဒုံရင်းပါပဲ။ ဘာမှမထူးဘူး။ တချို့ဟာတွေတောင် ပိုတောင်ဆိုးသေးတယ်။ နှစ်သုံးဆယ်က အတိုင်းပဲ။ သို့သော် သမ္မတကြီးဦးဝင်းမြင့် တက်လာပြီးနောက် လှုပ်ရှားမှုတွေက သွက်လက်မြန်ဆန်လာတာတွေကို တွေ့ရတယ်။ သို့သော် ၂၀၀၈ အခြေခံဥပဒေအရ တရားသူကြီးချုပ်က အသက် (၇၀) မပြည့်မချင်း သူကို ဘယ်လိုမှ လုပ်မရဘူး။ လွှတ်တော်မှာလည်း NLD အမတ်က သုံးပုံနှစ်ပုံ လုံလောက်တဲ့မဲ မရဘူး။ တရားသူကြီးချုပ်ကို အစားထိုးဖို့။ အမှန်ကတော့ ဒီလောက် တရားစီရင်ရေးတွေ မအောင်မြင်တာ ဦးသိန်းစိန်လက်ထက်ကစပြီးတော့ အခုအထိ ဆယ်နှစ်နီးပါး မအောင်မြင်တာကို အစားထိုးရမှာပေါ့။ ဖယ်ရှားတယ်ဆိုတဲ့ စကားထက်၊ အစားထိုးပြီးတော့ ဒီထက်ထက်မြက်တဲ့ တရားသူကြီးချုပ်နဲ့ အစားထိုးဖို့ ဆောင်ရွက်သင့်တယ်။ ဒါပေမဲ့ ဒီတရားသူကြီးချုပ်ကလည်း ဘယ်တော့မှ ထွက်မှာမဟုတ်ဘူး။ သူတို့က သူတို့ရထားတဲ့ ရာထူးနဲ့ဆိုရင် သူတို့က ကျနော်တို့နိုင်ငံမှာ ဘယ်တော့မှ ထွက်ရိုးထုံးစံမရှိဘူး။ ဒီအတွက် တရားစီရင်ရေးက မအောင်မြင်ပါဘူး။ အရင်အတိုင်းမြဲပဲ လာဘ်စားမြဲ၊ တလွှဲဖြစ်နေတာတွေ။ ဥပမာ ရှေ့နေဒေါ်ခင်ချို က တရားရုံးကို ပြင်ဆင်မှုလေး လုပ်ပါရစေဆိုတာကို တရားရုံးနှောင့်ယှက်တယ်ဆိုပြီးတော့ (၂၂၈) နဲ့ ထောင်ချပြစ်တယ် ရှေ့နေတယောက်ကို။ ဖိနပ်နဲ့ ပေါက်တာလည်း မဟုတ်ဘူး။ အော်ဆဲတာလည်း မဟုတ်ဘူး။ စာလေးတင်တဲ့နေရာမှာ လက်မခံဘူး၊ လက်ခံတယ် ပြောပြီးတော့ ထောင်ချပြစ်တယ်။ အဲဒါမျိုးတွေ။ အဲဒီတော့ တရားစီရင်ရေးက တိုးတက်လာတယ်လို့ ကျနော်တို့က လုံးဝပြောလို့ မရဘူး။ သို့သော်လဲ သမ္မတကြီး တက်လာတဲ့အခါကြတော့ သမ္မတကြီးကများ ဒီတရားစီရင်ရေး ကောင်းမွန်လာအောင် ဘယ်လောက်များ ဝိုင်းဝန်းပြီးတော့ လုပ်နိုင်မလဲလို့တော့ မျှော်လင့်တာပေါ့။ သို့သော်လဲ ၂၀၀၈ အခြေခံဥပဒေဘောင်က အရမ်းကျဉ်းလွန်တယ်။ တရားသူကြီးချုပ်ကို သုံးပုံနှစ်ပုံမရဘဲ၊ ဖယ်ရှားလို့မရဘူး။ အစားထိုးလို့မရဘူး။ နောက်တခုက ဘာလဲဆိုရင် အသက် (၇၀) မပြည့်မချင်း သူက အခုမှ ငယ်ငယ်လေး ရှိသေးတယ်။ အသက် (၇၀) လည်း မပြည့်သေးဘူး။ အဲဒီတော့ ၂၀၂၀ ပြည့်၊ နောက်ရှေ့လည်း ရှိနေအုံးမှာပဲဆိုတော့ ကျနော်ကတော့ တရားစီရင်ရေးနဲ့ ပတ်သက်လို့ အတော်စိတ်ပျက်တယ်။ အဲဒါပဲ ပြောချင်ပါတယ်။