ထိုင်းဝန်ကြီးချုပ်သစ် လွှတ်တော်မှာ မကြာခင် မဲခွဲဆုံးဖြတ်ဖို့ရှိ

လွှတ်တော်တွင်းဆွေးနွေးနေတဲ့ Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat (ဇူလိုင် ၁၃၊ ၂၀၂၃)

လွှတ်တော်တွင်းဆွေးနွေးနေတဲ့ Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat (ဇူလိုင် ၁၃၊ ၂၀၂၃)

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ် ရွေးကောက်တင်မြှောက်ဖို့ လွှတ်တော်မှာ ဒီနေ့ အခြေအတင် ဆွေးနွေးနေကြပြီး မကြာခင် မဲခွဲ ဆုံးဖြတ်ကြဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအများစု အနိုင်ရထားတဲ့ Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat ကတော့ ဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ ထိပ်ဆုံးက ခန့်မှန်းခံထားရပါတယ်။ ဒါပေမဲ့လည်း လွှတ်တော်တွင်း လိုအပ်တဲ့ မဲအရေအတွက် ရပါ့မလား ဆိုတဲ့ တွက်ဆမှုတွေနဲ့ မသေချာ မရေရာမှုတွေကလည်း ရှိနေပါတယ်။

ဝန်ကြီးချုပ်သစ် ရွေးချယ်ဖို့ တရက်အလို မနေ့ ဇူလိုင်လ ၁၂ ရက်နေ့မှာပဲ Pita ကို လွှတ်တော်အမတ် အဖြစ်ကနေ ရုပ်သိမ်းဖို့ ထိုင်းရွေးကောက်ပွဲ ကော်မရှင်ရဲ့ တင်ပြချက်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရားရုံးက လက်ခံထားပါတယ်။ Pita ဟာ မီဒီယာကုမ္ပဏီတခုမှာ အစုရှယ်ယာတွေ ပိုင်ဆိုင်ထားတဲ့အတွက် ရွေးကောက်ပွဲ စည်းကမ်းကို ဖောက်ဖျက်ရာ ရောက်တယ်လို့ စွပ်စွဲထားသလို၊ ထိုင်းဘုရင်စနစ်ကို အကာအကွယ် ပေးထားတဲ့ ဥပဒေကို ပြင်ဆင်ဖို့ လုပ်နေတယ်လို့ ရွေးကောက်ပွဲကော်မရှင်က စွပ်စွဲထားတာပါ။

Pita ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး သူ ဝန်ကြီးချုပ်သစ်ဖြစ်စေဖို့ လွှတ်တော်တွင်း လိုအပ်တဲ့ ထောက်ခံမဲရဖို့ အခိုင်အမာ ယုံကြည်ထားတဲ့အကြောင်း ဒီကနေ့ လွှတ်တော်ဆွေးနွေးပွဲတွေ မစတင်ခင်မှာ ပြောဆိုထားပါတယ်။ Pita အနေနဲ့ ဝန်ကြီးချုပ်သစ် ဖြစ်ဖို့ဆိုရင် လွှတ်တော်နှစ်ရပ်ပေါင်း အမတ် ၇၄၉ ဦးရှိတဲ့အထဲက တဝက်ကျော် အများစု ထောက်ခံမှု ရဖို့ လိုပါတယ်။

ဝန်ကြီးချုပ်လောင်း Pita ကို ထောက်ခံသူတွေကတော့ ဒီကနေ့ လွှတ်တော်ရှေ့မှာ စုဝေး အင်အားပြတာတွေ ရှိသလို၊ လွှတ်တော်တဝိုက် နဲ့ ဘန်ကောက်မြို့က အထင်ကရ နေရာတချို့မှာ ဒီရက်ပိုင်း လုံခြုံရေးတွေလည်း တင်းကျပ် ချထားပါတယ်။