ဗြိတိသျှအင်ပါယာကနေ ခွဲထွက်ပြီး အမေရိကန်လွတ်လပ်ရေး ရယူခဲ့တဲ့ အနှစ် (၂၄၀) ပြည့် အထိမ်းအမှတ် အခမ်းနားတွေကို အမေရိကန် ပြည်ထောင်စုတဝှမ်း ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ ဆင်နွှဲနေကြပါတယ်။ နိုင်ငံတော် အားလပ်ရက်နေ့မှာ ပျော်ပွဲစားထွက်ကြသူတွေ ရှိသလို၊ မြို့တွင်း အလှပြချီတက် တာတွေနဲ့ မီးရှူးမီးပန်း ပစ်ဖောက်တာတွေကိုလည်း နိုင်ငံတဝှမ်း ပြုလုပ်ကြပါတယ်။
သမ္မတ ဘရာ့ခ်အိုဘားမားက စစ်မှုထမ်း မိသားစုတွေကို အိမ်ဖြူတော်မှာ အသားကင်နဲ့ ဧည့်ခံမှာဖြစ်သလို၊ တေးသံရှင် Kendrick Lamar နဲ့ Janelle Monae တို့ရဲ့ တေးဂီတတွေနဲ့လည်း ဖျော်ဖြေသွားမှာပါ။ မိုးလေဝသသတင်းတွေမှာ ဒီကနေ့ည မိုးရွာမယ် လို့ သတိပေးထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘူး ဆိုရင်တော့ အနီးအနားက National Mall အမျိုးသားရင်ပြင်မှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပစ်ဖောက်ကြမယ့် မီးရှူးမီးပန်းကြီးတွေကို သူတို့ အားလုံး ကောင်းကောင်းမြင်တွေ့ ခွင့် ကြရမှာပါ။
အမေရိကန်ပြည်ထောင်စုရဲ့ အနှစ် (၂၄၀) ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆင်နွှဲတဲ့အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး Scot Marciel နဲ့ ဇနီး May Marciel တို့ကလည်း ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က နေပြည်တော်မှာ ဧည့်ခံပွဲတခု ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားကိုတော့ မြန်မာအစိုးရ အဆင့်မြင့်တာဝန်ရှိသူတွေ၊ သံတမန်ရေးရာနဲ့ စီးပွားရေးရာ ကိုယ်စားလှယ်တွေ၊ အရပ်ဘက် လူမှု အဖွဲ့အစည်း ခေါင်းဆောင်တွေ လည်း တက်ရောက်ခဲ့ကြပါတယ်။
အမေရိကန်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမေရိကန် ပြည်ထောင်စုနဲ့ ပတ်သက်ဆက်နွယ်တဲ့ စံတန်ဖိုးတွေကို ထင်ဟပ်စေမယ့် အကြောင်းအရာတွေ ကိုလည်း အခုသီတင်းပတ် တပတ်လုံး ဂုဏ်ပြုဆင်နွှဲသွားမယ့်အကြောင်း ရန်ကုန် အမေရိကန်သံရုံးက ထုတ်ပြန် ပြောထားပါတယ်။
Your browser doesn’t support HTML5
အမေရိကန်လွတ်လပ်ရေး အနှစ် ၂၄၀ ပြည့် ဆင်နွှဲ
Your browser doesn’t support HTML5
အမေရိကန်လွတ်လပ်ရေး အနှစ် ၂၄၀ ပြည့် ဆင်နွှဲ