လျှို့ဝှက်ချက် နောင်မပေါက်ကြားဖို့ ကန်ဝန်ကြီး ကတိပြု

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson တို့တွေ့ဆုံစဉ်။ (မေ ၂၆-၂၀၁၇)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson တို့တွေ့ဆုံစဉ်။ (မေ ၂၆-၂၀၁၇)

တနင်္လာနေ့ ဗြိတိန်နိုင်ငံ Manchester အားကစားရုံ အသေခံ ဗုံးပေါက်ခွဲမှု အပြီး အရေးပါတဲ့ ထိလွယ်ရှလွယ် သတင်းအချက်အလက်တွေ ပေါက်ကြားမှုအတွက် အမေရိကန် ပြည်ထောင်စုမှာ လုံးဝတာဝန်ရှိပါကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ပြောကြား ခဲ့ပါတယ်။

ဗြိတိသျှ အရာရှိတွေဘက်က ထုတ်မပြောသေးတဲ့ အချက်အလက်တွေကို အမေရိကန် သတင်းစာစောင်တွေက ဖေါ်ပြခဲ့တာအတွက် အရာရှိတွေက မကြေနပ်ကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့တဲ့ နောက်၊သောကြာနေ့ လန်ဒန်ကို သွားရောက်တဲ့ သူ့ရဲ့ ပထမဆုံး တရားဝင် ခရီးစဉ်မှာ ဝန်ကြီး Tillerson က အမေရိကန်ပြည်ထောင်စု အနေနဲ့ အခုလို သတင်းပေါက်ကြားမှု အတွက် စိတ်မကောင်းဖြစ်ရကြောင်း ပြောကြား ခဲ့တာပါ။

သမ္မတ ကလည်း ဒီကိစ္စကို ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့ ကြောင်းနဲ့ ဒါကို ချက်ချင်း အရေးယူ စုံစမ်းစစ်ဆေးဖို့ နဲ့ အခုလို လူသိရှင်ကြား ဖြစ်အောင် အချက်လက်တွေ ပေါက်ကြားမှုမှာ တာဝန်ရှိသူတွေကို အရေးယူဖို့ တောင်းဆိုခဲ့တယ်လို့ လည်း ဝန်ကြီး Tillerson က ပြောပါတယ်။

အခုလို ပေါက်ကြားမှုကြောင့် ဗြိတိသျှ အစိုးရအနေနဲ့ ဒီဗုံးဖေါက်ခွဲမှုနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး သတင်းတွေအမေရိကန်ကို မျှဝေမှု ရပ်ဆိုင်းပစ်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန် သမ္မတ Donald Trump နဲ့ ဗြိတိသျှ ဝန်ကြီးချုပ် Theresa May တို့ တွေ့ဆုံပြီး သမ္မတ Trump က ထောက်လှမ်းရေး သတင်းအချက်အလက်တွေ မပေါက်ကြားအောင် လုပ်ပါ့မယ်လို့ ကတိပေးခဲ့တဲ့ နောက်မှာ ချက်ချင်းပဲ ပြန်လည် မျှဝေခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းပေါက်ကြားမှုအတွက် ရေဆုံး မြေဖျား လိုက်မယ်လို့သမ္မတ Trump က ကတိပေးပြီး တရားရေးဌာနကို ဒီကိစ္စ ပြည့်ပြည့်စုံစုံ သုံးသပ်ပေးဖို့ ညွှန်ကြားခဲ့တယ်လို့ ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ဝန်ကြီး Tillerson ကလည်း ၂ နိုင်ငံကြားက လက်ရှိ အထူး ဆက်ဆံရေးဟာ ဒီမမျှော်လင့်ပဲ အကြောင်းမလှ ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်ကြောင့်တော့ ပျက်ပြယ်သွားတာမျိုး လုံးဝဖြစ်မလာနိုင်ဘူးလို့ ပြောကြား ခဲ့ပါတယ်။

Your browser doesn’t support HTML5

လျှို့ဝှက်ချက် နောင်မပေါက်ကြားဖို့ ကန်ဝန်ကြီး ကတိပြု