စစ်လက်နက်ပစ္စည်းရောင်းချတဲ့ ကန်ကုမ္ပဏီ ၁၃ ခုကို တရုတ် ဒဏ်ခတ်ပိတ်ဆို့မည်

ထိုင်ဝမ်အမျိုးသားနေ့အခမ်းအနားမှာ တိုင်ပေမြို့က သမ္မတအဆောက်အဦးအထက်မှာ ဝဲပျံနေတဲ့ အမေရိကန်လုပ် F-16 တိုက်လေယာဥ်များကို တွေ့ရစဥ်။ (အောက်တိုဘာ ၁၀၊ ၂၀၁၂)

အမေရိကန်က ထိုင်ဝမ်ကိုလက်နက်ရောင်းချတာတုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ရဲ့ စစ်လက်နက်ပစ္စည်း ရောင်းချတဲ့ စစ်ဘက်ဆိုင်ရာကုမ္ပဏီ ၁၃ ခုကို တရုတ်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆုံးဖြတ်လိုက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ထိုင်ဝမ်သမ္မတ Lai Ching-te အမေရိကန်နိုင်ငံ ဟာဝါရီပြည်နယ်ကို လာရောက်တာကို အမေရိကန်ဘက်က စီစဉ်ပေးခဲ့ပြီးတဲ့နောက် အဲဒီလို ကြေညာလိုက်တာပါ။

အမေရိကန်က ထိုင်ဝမ်ကို F-16 တိုက်လေယာဉ်တွေနဲ့ ရေဒါတွေအတွက် အထောက်အကူတွေနဲ့ အပိုပစ္စည်း ဒေါ်လာ၃၈၅ သန်းဖိုး ရောင်းမယ့်ကိစ္စကို အမေရိကန်က အတည်ပြုခဲ့တဲ့အပေါ်မှာ တရုတ်နိုင်ငံဘက်က ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တဲ့အနေနဲ့ အခုလို ဒဏ်ခတ် ပိတ်ဆို့လိုက်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကို သူတို့ပိုင်နယ်မြေအဖြစ်သတ်မှတ်ထားပြီး၊ ထိုင်ဝမ်သမ္မတကိုလည်း အန္တရာယ်ရှိတဲ့ ခွဲထွက်ရေးသမားတယောက်အဖြစ် သတ်မှတ်ထားပြီး ပြည်ပနိုင်ငံတွေနဲ့ ဆက်ဆံတာတွေအားလုံးကို ဆန့်ကျင်ကန့်ကွက်နေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံက ပစ်မှတ်ထားပြီး အရေးယူလိုက်တဲ့ကုမ္ပဏီတွေထဲမှာ Teledyne Brown Engineering Inc, BRINC Drones Inc နဲ့ Shield AI Inc တို့ပါဝင်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံမှာရှိတဲ့ Raytheon, BAE Systems, United Technologies အပါအဝင် အမေရိကန်ကုမ္ပဏီ ၅ခုက အမှုဆောင် ၆ ယောက် ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်သွားမှာဖြစ်ပြီး သူတို့ကိုလည်း တရုတ်နိုင်ငံထဲကို ဝင်ခွင့် ပိတ်ဆို့သွားမှာ ဖြစ်တယ်လို့ပြောပါတယ်။

တရုတ်နိုင်ငံက အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တဦးချင်းကိုလည်း အဲဒီကုမ္ပဏီတွေနဲ့ မဆက်ဆံရဘူးလို့ တားမြစ်လိုက်ပါတယ်။

Your browser doesn’t support HTML5

စစ်လက်နက်ပစ္စည်းရောင်းချတဲ့ ကန်ကုမ္ပဏီ ၁၃ ခုကို တရုတ် ဒဏ်ခတ်ပိတ်ဆို့မည်