ပြီးခဲ့တဲ့ သီတင်းပတ်ထဲ မြန်မာနိုင်ငံမှာ အဖမ်းခံခဲ့ရတဲ့ ရိုက်တားစ် သတင်းထောက် ၂ ဦးကို ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဌာန က တောင်းဆိုလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Heather Nauert က အင်္ဂါနေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြားလိုက်တာပါ။
“သတင်းထောက်တွေ အဖမ်းခံထားရတဲ့ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ အနီးကပ် စောင့်ကြည့်နေပြီး သူတို့အတွက် အထူး စိုးရိမ်ပူပန်မိပါတယ်။ သူတို့ဘယ်မှာရှိနေတယ် ဆိုတာကိုလည်း ကျမတို့ မသိပါဘူး။ အဲဒီကိစ္စကလည်း စိုးရိမ်စရာ ကောင်းပါတယ်။ သူတို့ဟာ အခုဆိုရင် သီတင်းတပတ်လောက် အဖမ်းခံထားရပြီး ဖြစ်ပါတယ်။ သူတို့ကို ချက်ခြင်းလွှတ်ပေးဖို့ အတွက် အမေရိကန်ပြည်ထောင်စုက တောင်းဆိုတယ်ဆိုတာကို ကျမ ဒီနေ့ ပြတ်ပြတ်သားသား ပြောကြားလိုပါတယ်။ မကြာခင်က ကျမ မြန်မာပြည်ကို သွားတုန်းကလည်း သတင်းထောက် အများအပြားနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ခက်ခဲတဲ့ ပြဿနာတွေ ဖြစ်ပျက်၊ ကြုံတွေ့နေရပေမယ့်လည်း သတင်းထောက်တွေဟာ အလုပ်ကြိုးစားလုပ်ကိုင်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို တိကျစွာ တင်ပြနိုင်ဖို့ ကြိုးစားနေကြပါတယ်။”
Reuters journalist Kyaw Soe Oo
EU ဥရောပသမဂ္ဂ နိုင်ငံခြား မူဝါဒရေးရာ အကြီးအကဲ Federica Mogherini ရဲ့ ပြောခွင့်ရကလည်း ဒီသတင်းသမား ၂ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရကို တနင်္လာနေ့မှာ တိုက်တွန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ရန်ကုန် အခြေစိုက် အမေရိကန် သံရုံးက ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ရာမှာ အသက် ၃၁ နှစ်ရှိ ကိုဝလုံးနဲ့ အသက် ၂၇ အရွယ် ကိုကျော်စိုးဦး တို့ ၂ ဦးရဲ့ သတင်းအစအန ဘာမှ မရသေးကြောင်းနဲ့ ဒီဇင်ဘာ ၁၂ ရက် သူတို့ကို ဖမ်းဆီးခဲ့ချိန်ကစပြီး သူတို့ရဲ့ မိသားစုတွေကိုပါ အာဏာပိုင်တွေက သူတို့နဲ့ တွေ့ခွင့် မပေးခဲ့ကြောင်း ဖေါ်ပြထားပါတယ်။
သူတို့ ၂ ဦးကို စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းတွေ လက်ဝယ်တွေ့ရှိမှုနဲ့ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ အမှတ် ၃ နဲ့ အာဏာပိုင်တွေ က ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ပစ်မှု ထင်ရှားရင် ထောင်ဒဏ် ၁၄ နှစ် အထိ ကျခံရနိုင်ပါတယ်။
Your browser doesn’t support HTML5
ရိုက်တာ သတင်းထောက် ၂ ယောက်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကန်တောင်းဆို