သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ Thanksgiving ကျေးဇူးတော်နေ့ အားလပ်ရက် မစတင်မီ သမ္မတရဲ့ နောက်ဆုံးလုပ်ဆောင်ချက်အဖြစ် အင်္ဂါနေ့က ကြက်ဆင်တကောင် ကို ဘေးမဲ့ ပေးလိုက်ပါတယ်။
သမ္မတအိမ်ဖြူတော်ရဲ့ နှင်းဆီ ဥယျာဉ် အတွင်းမှာ သမ္မတကတော် Melania Trump၊ အသက် ၁၁ နှစ်အရွယ် သား ဖြစ်သူ Barron တိုနဲ့အတူ Drumstick လို့ အမည်ပေးထားတဲ့ ကြက်ဆင်ကို ဘေးမဲ့ လွှတ်လိုက်ပါတယ်။
၄၇ ပေါင် အလေးချိန်ရှိတဲ့ Drumstick ဟာ အတောင်ပံ အဖြားစွန်းအထိ ၁၅၂ စင်တီမီတာ ရှည်လျှားပြီး ကလေးငယ်တယောက် ငိုလိုက်ချိန်မှာ လိုက်အော်တာကလွဲလို့ ငြိမ်သက်နေပါတယ်။
"Wishbone" နဲ့ "Drumstick" လို့အမည်ပေးထားတဲ့ ၆ လသားအရွယ် ကြက်ဆင် ၂ ကောင်ထဲက ဘယ်ကောင်ကို သမ္မတ က အရင် လွှတ်ပေးရမယ် ဆိုတာကို လူထုဆန္ဒ ကောက်ခံခဲ့တာ ဖြစ်ပါတယ်။
တွီတာ လူမှုကွန်ယက်က တဆင့် လူပေါင်း ၄ သောင်းက မဲပေးရွေးချယ်ခဲ့ကြရာမှာ "Drumstick" က ၆၀ ရာခိုင်နှုန်းမဲရရှိခဲ့ပါတယ်။
လွန်ခဲ့တဲ့ ရာစုနှစ် တခုကျော်ကတည်းက ကျေးဇူးတော်နေ့ မတိုင်မီ အိမ်ဖြူတော်ထံ ကြက်ဆင်တွေကို တခမ်းတနားနဲ့ ပေးပို့ခဲ့ကြတာ ဖြစ်ပြီး နှစ်ပေါင်းအများစုမှာ ညစာချက်ပြီး သုံးဆောင်ခဲ့ကြပါတယ်။
ဒါပေမဲ့ သမ္မတ John F Kennedy လက်ထက် ၁၉၆၃ ခုနှစ်မှာတော့ Good Eating Mr. President စာတန်းကို လည်ပင်းမှာ ချိတ်ဆွဲထားတဲ့ ကြက်ဆင်တကောင်ကို ဘေးမဲ့ပေးဖို့ သမ္မတက ဆုံးဖြတ်ခဲ့တာပါ။
၁၉၈၉ ခု သမ္မတ George H W Bush လက်ထက်မှာတော့ ကျေးဇူးတော်နေ့ အထိမ်းအမှတ်အဖြစ် ကြက်ဆင်တကောင်ကို ဘေးမဲ့ ပေးတဲ့ အစဉ်အလာ ဖြစ်ခဲ့ပါတယ်။
ဒီနှစ်မှာ Drumstick ကို သမ္မတက ဘေးမဲ့ပေးခဲ့ပေမဲ့ ကျန်တဲ့ Wishbone အနေနဲ့လည်း အသတ်ခံရမှာ မဟုတ်ဘဲ အရင်က ဘေးမဲ့ ပေးခဲ့တဲ့ Virginia ပြည်နယ် Polytechnic တက္ကသိုလ်ရှိ ကြက်ဆင်မွေးမြူခြံကို ပို့ဆောင်ခံရမှာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
Drumstick ကြက်ဆင်ကို ကျေးဇူးတော်နေ့ သမ္မတ အသက်ချမ်းသာခွင့်ပေး
Your browser doesn’t support HTML5
သမ္မတထရမ့် ကြက်ဆင်ဘေးမဲ့လွှတ်ပွဲ