ကန်-မြောက်ကိုရီးယား ဒုတိယထိပ်သီး နောက်နှစ်အစောပိုင်း ဖြစ်နိုင်ဖွယ်ရှိ

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ အမေရိကန်သမ္မတ Donald Trump

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ အမေရိကန်သမ္မတ Donald Trump

အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့နှစ်ဦးရဲ့နောက်ထပ် ထိပ်သီးဆွေးနွေးပွဲဟာ လာမယ့်နှစ် အစောပိုင်းမှာ ဖြစ်ဖို့ အလားအလာရှိကြောင်း အမေရိကန်အစိုးရ အဆင့်မြင့်တာဝန်ရှိသူတဦးက သေကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇွန်လက စင်္ကာပူမှာကျင်းပခဲ့တဲ့ ပထမဆုံးအကြိမ် အမေရိကန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်နှစ်ဦးရဲ့ မကြုံစဖူးထိပ်သီးဆွေးနွေးပွဲနောက်ပိုင်းမှာ အခုလို ဒုတိယအကြိမ်မြောက်တွေ့ဆုံကြဖို့ နှစ်ဘက် ညှိနှိုင်းနေကြ တာပါ။

ခေါင်းဆောင်နှစ်ဦးအနေနဲ့ လာမယ့်နှစ်အစောပိုင်း အချိန်တချိန်လောက်မှာ တွေ့ဆုံဖို့ အလားအလာရှိတယ်လို့ အမေရိကန် အစိုးရ တာဝန်ရှိသူတဦးက သတင်းထောက်တွေကို ပြောပါတယ်။

နောက်တကြိမ်ပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲအတွင်း နျူကလီယားလျော့ချရေးကိစ္စအတွက် ကြီးမားတဲ့ ခြေလှမ်းအဆင့်လှမ်းနိုင်ဖို့ အခြေခံသဘောတူညီချက်တွေချမှတ်နိုင်ရေးအတွက် သူနဲ့အဆင့်တူ မြောက် ကိုရီးယား ထိပ်ပိုင်းတာဝန်ရှိသူနဲ့ မကြာခင်တွေ့ဆုံဖို့ မျှော်လင့်ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က သောကြာနေ့က ပြောပါတယ်။

မက္ကဆီကိုနိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်အတွင်း VOA အမေရိကန်အသံလွှင့်ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်း မှာလည်း ဝန်ကြီး Pompeo က မကြာသေးခင်က မြောက်ကိုရီးယားကိုသွားခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ပြောပြခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ပတ်က မြောက်ကိုရီးယားခေါင်းဆောင် Kim နဲ့ တွေ့ဆုံစဉ်မှာ ပထမအကြိမ် ထိပ်သီးဆွေးနွေးပွဲမှာ Trump ကို ပေးခဲ့တဲ့ ကတိတွေအတိုင်း သူ့အနေနဲ့ လိုက်နာဆောင်ရွက်ခဲ့ကြောင်း Kim က သူ့ကို ပြောပြခဲ့တယ်လို့ ဝန်ကြီး Pompeo ကပြောပါတယ်။

လာမယ့်သတင်းပတ်အတွင်း အမေရိကန်ပြည်ထောင်စုကို မြောက်ကိုရီးယား အဆင့်မြင့် ခေါင်းဆောင်တဦး လာရောက်လိမ်မယ်လို့ အထူးမျှော်လင့်ထားသလို ပထမအကြိမ်ထိပ်သီးဆွေးနွေးပွဲ ရလာဒ်တွေကို ဆက်ပြီး အကောင်အထည်ဖေါ်ဖို့ သူနဲ့ အဲဒီ မြောက်ကိုရီးယားဝန်ကြီးတို့ ဆက်လက်ပြီး ဆွေးနွေးကြမှာဖြစ်တယ်လို့ Mike Pompeo ကဆိုပါတယ်။ ဒါမှသာ သမ္မတ Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ ဒုတိယအကြိမ်တွေ့ဆုံရာမှာ နျူကလီယားလျော့ချရေးအတွက် နောက်ထပ် ကြီးမားတဲ့ ခြေလှမ်း လှမ်းနိုင်ဖို့ စစ်မှန်တဲ့ အခွင့်အလမ်းတွေကို ရရှိမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Pompeo က VOA ကို ပြောပါတယ်။

Your browser doesn’t support HTML5

ကန်-မြောက်ကိုရီးယား ဒုတိယထိပ်သီး နောက်နှစ်အစောပိုင်း ဖြစ်နိုင်ဖွယ်ရှိ