အမေရိကန်ပြည်ထောင်စုအတွင်းက စိုက်ပျိုးမြေတွေကို တရုတ်က ဝယ်ယူမှုကို တားမြစ်နိုင်ရေး ပြည်ထောင်စုအဆင့် ဆောင်ရွက်နိုင်ဖို့က ထိပ်တန်းဦးစားပေးဖြစ်ကြောင်း အမေရိကန် စိုက်ပျိုးရေးဝန်ကြီးသစ်က ပြောဆိုလိုက်ပါတယ်။
ထိပ်တန်းဦးစားပေး လုပ်ငန်းစဉ်တွေထဲက တခုကတော့ အမေရိကန် လယ်ယာမြေတွေကို တရုတ်တွေ ဝယ်ယူနေတဲ့ ကိစ္စဖြစ်ကြောင်း၊ ဒီလယ်ယာမြေ အများအပြားက အမေရိကန် စစ်စခန်းတွေ အနီးတဝိုက်မှာဖြစ်ကြောင်း အမေရိကန် စိုက်ပျိုးရေး ဝန်ကြီးဌာန ဝန်ကြီး Brooke Rollins က Breitbart News နဲ့ လုပ်တဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။
လတ်တလောနှစ်တွေအတွင်း တရုတ် လုပ်ငန်းကြီးတွေ ဒါမှမဟုတ်လည်း လူပုဂ္ဂိုလ်တွေက စစ်ရေးဆိုင်ရာနေရာတွေလို အရေးကြီးတဲ့ ဒေသတွေ အနီးကမြေယာတွေကို ဝယ်ယူလာကြတာကြောင့် လွှတ်တော်အမတ်တွေကြားမှာရော နောက် နိုင်ငံတဝန်း ပြည်နယ်တွေက လုံခြုံရေး ဆိုင်ရာ တာဝန်ရှိသူတွေကြားမှာရော သတိပြုစရာ ဖြစ်လာနေတာပါ။
တရုတ်အမေရိကန်တွေအရေး စည်းရုံးလှုပ်ရှားမှု အဖွဲ့ Committee of 100 အဆိုအရ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလယ်ပိုင်းအထိ ပြည်နယ် ၄၀ မှာ နိုင်ငံခြားသားတွေ အိမ်ခြံမြေ ပိုင်ဆိုင်မှုကို တားမြစ်တဲ့ ဥပဒေကြမ်း ၂၁၅ ခု ရှိခဲ့ပြီး ဒီထဲက ဥပဒေကြမ်း ၁၆၄ ခုကတော့ တရုတ်နိုင်ငံသားတွေ အိမ်ခြံမြေ ဝယ်ယူမှုကို တနည်းတဖုံ ကန့်သတ်ထားတာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
အခု သမ္မတ Donald Trump လက်ထက်မှာတော့ ပြည်နယ် အဆင့် ဥပဒေပြုမှုတွေကို ပြည်ထောင်စုအဆင့်ထိ တင်ပြီး ဆောင်ရွက်နိုင်ရေး ဆန်းစစ်နေတယ်လို့ အမေရိကန် စိုက်ပျိုးရေး ဝန်ကြီးဌာန ဝန်ကြီး Rollins က Breitbart News ကို ပြောဆိုထားပါတယ်။
Your browser doesn’t support HTML5
နိုင်ငံခြားသား မြေယာ ပိုင်ဆိုင်မှု ပြည်ထောင်စု အဆင့်ဆောင်ရွက်ဖို့ ကန် ဝန်ကြီး တိုက်တွန်း