ခရိုင်မီးယားအရေး ICJ တရားရုံး စတင်ကြားနာ

နယ်သာလန်နိုင်ငံ၊ The Hague တရားရုံးမှာ ခရိုင်းမီးယားအရေးစတင်ကြားနာ၊ ဂျွန် ၆၊ ၂၀၂၃

၂၀၁၄ ခုနှစ်တုန်းက ခရိုင်းမီးယားကိုရုရှားက သိမ်းယူခဲ့တာနဲ့ပတ်သက်ပြီး ယူကရိန်းက ရုရှားကို စွဲဆိုထားတဲ့ အမှုကို နယ်သာလန်နိုင်ငံ The Hague မြို့က အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ အင်္ဂါနေ့က စတင် စစ်ဆေးခဲ့ ပါတယ်။

၂၀၁၄ ခုနှစ်၊ ဇူလိုင် ၁၇ ရက်က ရုရှားကျောထောက်နောက်ခံပြု သူပုန်တွေက ပစ်ချခဲ့တဲ့အတွက်လူ ၂၉၈ ဦး သေဆုံးခဲ့ရတဲ့ မလေးရှားလေကြောင်းလိုင်း MH17 ပျက်ကျမှုအပါအဝင် ဒေသတွင်းတိုက်ခိုက်မှုတွေ အတွက် လျော်ကြေးငွေ ပေးဆောင်ဖို့ ယူကရိန်းဘက်က ICJ မှာတောင်းဆိုထားတာပါ။

ကုလသမဂ္ဂရဲ့ အဆင့်မြင့် ထိပ်တန်းတရားရုံးဖြစ်တဲ့ ICJ မှာ ယူကရိန်းဖက်က ရှေ့နေတွေက လျှောက်ထားရာမှာ ရုရှားကို 'အကြမ်းဖက်နိုင်ငံ'အဖြစ် တံဆိပ်တပ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်က စတင်ပြီး ရုရှားဟာ ယူကရိန်းအရှေ့ပိုင်းကသူပုန်တပ်ဖွဲ့တွေကို လက်နက်နဲ့ငွေကြေး ထောက်ပံ့ခဲ့ပြီး ခရိုင်းမီးယားကိုသိမ်း ယူပြီးနောက်ပိုင်းမှာလည်း လူမျိုးပေါင်းစုံ နေ,နေတဲ့ အသိုက်အဝန်းမှာ ခွဲခြားဆက်ဆံတဲ့ ရုရှားအမျိုးသားရေးဝါဒ သွတ်သွင်းခဲ့တယ်လို့ ဆိုပါတယ်။

နယ်သာလန်နိုင်ငံ၊ The Hague တရားရုံးမှာ ခရိုင်းမီးယားအရေးစတင်ကြားနာ၊ ဂျွန် ၆၊ ၂၀၂၃


ICJ မှာ လေးရက်ကြာ ကြားနာစစ်ဆေးမှုတွေလုပ်ရာမှာ ကြာသပတေးနေ့ကျရင် ရုရှားနိုင်ငံဘက်က ရှေ့နေတွေက ပြန်လည် ချေပရမှာဖြစ်ပါတယ်။ နှစ်ဖက်စလုံးဟာ ရှေ့ အပတ်မှာလည်း သက်သေ အထောက်အထားတွေ တင်ပြဖို့ အခွင့်အရေးရှိဦးမှာ ဖြစ်ပါတယ်။

ဒီအမှုဟာ ယူကရိန်းနဲ့ ဆက်နွှယ်ပြီး ရုရှားကို တရားစွဲဆိုထားတဲ့ အမှုတွေထဲက တခု ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံးကတရားသူကြီးတွေ အဆုံးသတ်စီရင်ချက်ချနိုင်ဖို့ကတော့ လနဲ့ ချီကြာဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။

Your browser doesn’t support HTML5

ခရိုင်မီးယားအရေး ICJ တရားရုံး စတင်ကြားနာ