ဘင်္ဂလားဒေ့ရှ်နိုင်ငံကတဆင့် ရိုဟင်ဂျာဒုက္ခသည် ၂၅၀ တင်ဆောင်လာတဲ့လှေ အင်ဒိုနီးရှားကို ဒီကနေ့ ထပ်ရောက်လာတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက AFP သတင်းဌာနကို ပြောပါတယ်။ ဒါဟာ အခုသီတင်းပတ်အတွင်းမှာတင် ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း ၆၀၀ လောက် ၃ ရက်ဆက်တိုက် ရောက်လာကြတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံကထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ခက်ခဲကြမ်းတမ်းတဲ့ ပင်လယ်ကိုဖြတ်၊ အသက်စွန့်ပြီး အင်ဒိုနီးရှား၊ ဒါမှမဟုတ် မလေးရှားနိုင်ငံတို့ကို ထွက်လာနေကြတာပါ။ ဒီကနေ့ ရောက်လာကြသူတွေဟာ အင်ဒိုနီးရှားနိုင်ငံအနောက်ဘက်စွန်း အာချေ့ကမ်းခြေနဲ့ မီတာ ၁၀၀ လောက်ဝေးတဲ့နေရာမှာ စောင့်နေကြကြောင်း Pulo Pineung Meunasah ရွာသူကြီး Mukhtaruddin က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အာချေ့ဒေသကို စက်လှေတစင်းနဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၁၆၊ ၂၀၂၃)
တချို့ရွာသားတွေက ရိုဟင်ဂျာတွေ လှေပေါ်ကနေ ကမ်းပေါ်တက်မလာနိုင်အောင် ဟန့်တားထားကြတယ်လို့ ဆိုပါတယ်။ ဒီရိုဟင်ဂျာဒုက္ခသည်တွေပါတဲ့ လှေဟာ လူ ၂၄၉ ဦးကို တင်ဆောင်ပြီး လွန်ခဲ့တဲ့ ရက် ၂၀ လောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ကနေ ထွက်ခွာလာတာလို့ ရိုဟင်ဂျာဒုက္ခသည် Manzur Alam ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာ ရေးပါတယ်။ အဲဒီအထဲမှာ ကလေးငယ် ၅၄ ယောက်၊ အမျိုးသား ၇၉ ယောက်နဲ့ အမျိုးသမီး ၁၀၈ ယောက်တို့ဖြစ်တယ်လို့ ဆိုပါတယ်။