ICC အပေါ် အမေရိကန် ဒဏ်ခတ်အရေးယူ

US Trump ICC

နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC အပေါ် ပိတ်ဆို့အရေးယူမှုလုပ်ဖို့ အမေရိကန်သမ္မတ Donald Trump ကအမိန့်ထုတ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားတွေအပါအဝင် အစ္စရေးလို အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေအပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တဲ့ ICC နိုင်ငံတကာရာဇဝတ်တရားရုံးက ဝန်ထမ်းတွေအပေါ် စီးပွားရေးနဲ့ခရီးသွားလာခွင့်ပိတ်ပင်မှုတွေပါဝင်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်မယ်လို့ သမ္မတ Donald Trump က မနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ကြေညာခဲ့တာပါ။

ဒါဟာ သမ္မတ Trump အနေနဲ့ ပထမတကြိမ် သမ္မတသက်တမ်းတုန်းက လုပ်ဆောင်ခဲ့တဲ့အတိုင်း ထပ်မံလုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ကာကွယ်ရေးဝန်ကြီးတို့အပါအဝင် ဟာမတ်စ် ခေါင်းဆောင်တို့အပေါ် ဂါဇာကမ်းမြောင်မှာဖြစ်နေတဲ့ စစ်ပွဲနဲ့ပတ်သက်လို့ ICC က ဖမ်းဝရမ်းထုတ် ထားတာပါ။ သမ္မတ Trump ရဲ့ ဒဏ်ခတ် အရေးယူမှုအပေါ် ICC နိုင်ငံတကာ ရာဇဝတ်တရားရုံးက ကန့်ကွက်ရှုတ်ချလိုက်ပြီး အဖွဲ့ဝင် ၁၂၅ နိုင်ငံအနေနဲ့လည်း ICC နဲ့အတူ ရပ်တည်ကြဖို့ တောင်းဆိုလိုက်ပါတယ်။ ICC အနေနဲ့ ဝန်ထမ်းတွေနဲ့အတူ ရပ်တည်ကြောင်းလည်း X လူမှုကွန်ယက်မှာ ရေးပါတယ်။

အခု ဒဏ်ခတ် အရေးယူခံရသူတွေရဲ့ အမည်စာရင်းကို အမေရိကန်အနေနဲ့ ဘယ်တော့ထုတ်ပြန်မလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ ဒဏ်ခတ်ပိတ်ဆို့မှုထဲ အမေရိကန်မှာရှိတဲ့ အဲဒီဝန်ထမ်းတွေ ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ ကာယကံရှင်နဲ့ သူ့မိသားစုဝင်တွေ အမေရိကန်ကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်တာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အာဖဂန်မှာ အမေရိကန်စစ်သားတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ စုံစမ်း စစ်ဆေးဖို့ကြိုးစားခဲ့တဲ့ အတွက် သမ္မတ Trump ရဲ့ ပထမသက်တမ်းအတွင်း ၂၀၂၀ ခုနှစ်တုန်းက အဲဒီအချိန်က ICC ရဲ့ တရားစွဲ ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Fatou Bensouda အပေါ် ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ခဲ့ဖူးပါတယ်။

Your browser doesn’t support HTML5

 ICC အပေါ် အမေရိကန် ဒဏ်ခတ်အရေးယူ