ကန်ကာကွယ်ရေးဝန်ကြီးသစ် ရွေးချယ်ခံရသူ လွှတ်တော်မှာ ကြားနာစစ်ဆေး 

ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးကောက်ခံသမ္မတ Donald Trump က ရွေးချယ်ထားတဲ့ Pete Hegseth ကို ရာထူးခန့်ထားသင့်မသင့် အထက်လွှတ်တော်မှာ ကြားနာပွဲ။ (ဇန်နဝါရီလ ၁၄၊ ၂၀၂၅)

ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးကောက်ခံသမ္မတ Donald Trump က ရွေးချယ်ထားတဲ့ Pete Hegseth က အမေရိကန်စစ်တပ်အတွင်း သူရဲကောင်းစိတ်ဓာတ် ပြန်လည်ရှင်သန်ကြီးထွားလာအောင် လုပ်မယ် လို့ သူ့ကိုရာထူးခန့်ရေးအတွက် အထက်လွှတ်တော်မှာ မနေ့ ဇန်နဝါရီ ၁၄ ရက်နေ့ကျင်းပတဲ့ ကြားနာပွဲအတွင်း ထွက်ဆိုခဲ့ပါတယ်။

အရက်အလွန်အကျွံသောက်တာ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာတွေ ရှိခဲ့ဖူး တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် လွှတ်တော်အမတ်တွေရဲ့ မေးခွန်းတွေကိုလည်း ရှောင်တိမ်းခဲ့ပြီး သူ့ရဲ့ စစ်ဘက်ဆိုင်ရာအတွေ့အကြုံကိုသာ အဓိက ပြောခဲ့တာပါ။ သူ စစ်မှုထမ်းခဲ့စဉ်က လုပ်ဆောင်ခဲ့တဲ့ အချက်တွေအပေါ် အခြေခံပြီး သူ့အနေနဲ့ ဒီရာထူးနဲ့ ထိုက်တန်ခြင်း ရှိမရှိဆိုတာကို ဆုံးဖြတ်ဖို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။ Hegseth ဟာ ရှေ့တန်းမှာ တိုက်ပွဲအတွေ့အကြုံရှိဖူးသူတဦးဖြစ်တဲ့အပြင် Fox ရုပ်သံသတင်းဌာနမှာလည်း Anchor အဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ပါတယ်။

ကြားနာပွဲအတွင်း Illinois ပြည်နယ် အထက်လွှတ်တော်အမတ် Tammy Duckworth က အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံရှိတဲ့အထဲက တနိုင်ငံရဲ့နာမည်ကိုပြောပြပါလို့ မေးတဲ့အခါမှာတော့ Hegseth အနေနဲ့ ဖြေဆိုနိုင်ခဲ့ခြင်းမရှိဘဲ အာဆီယံအဖွဲ့ဝင်မဟုတ်တဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ AUKUS လို့ခေါ်တဲ့ ဩစတြေးလျ၊ ယူကေနဲ့ အမေရိကန် ၃ နိုင်ငံ မဟာမိတ်အဖွဲ့တွေရဲ့ အမည်တွေကို ဖြေကြားခဲ့ပါတယ်။

အာဆီယံဟာ အမေရိကန်နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့ ပါဝင်တဲ့ အရေးပါတဲ့ မဟာမိတ်အဖွဲ့အစည်းဖြစ်တာနဲ့အညီ အမေရိကန်စစ်တပ်ကို ဦးဆောင်မယ့်သူတဦးအနေနဲ့ နိုင်ငံတကာ အရေးကိစ္စတွေကို ဘယ်လောက်အထိ ထဲထဲဝင်ဝင် သိရှိထားသလဲဆိုတာကို သိနိုင်ဖို့ အထက်လွှတ်တော်အမတ် Duckworth က မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကန်ကာကွယ်ရေးဝန်ကြီးသစ် ရွေးချယ်ခံရသူ လွှတ်တော်မှာ ကြားနာစစ်ဆေး