အစ္စရေးနဲ့ ဟာမတ်စ်ကြား လတ်တလောရရှိထားတဲ့ ကနဦး ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်ကို သက်တမ်းတိုးဖို့ အခုသီတင်းပတ်အတွင်း နှစ်ဘက် တွေ့ဆုံဆွေးနွေးဖို့ရှိနေချိန်မှာပဲ ပါလက်စတိုင်းတွေရဲ့ ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်လိုကြောင်း သမ္မတ Donald Trump က ထပ်လောင်း ပြောကြားလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ကို ဝယ်ယူပိုင်ဆိုင်ဖို့ သူ့အနေနဲ့ဆန္ဒရှိကြောင်း၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း အတွက်တော့ အပိုင်းလိုက်ခွဲပြီးလုပ်နိုင်ကြဖို့ အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေကို ခွဲပေးတာမျိုး ဖြစ်နိုင်သလို အမေရိကန်ရဲ့အားပေးမှုနဲ့ တခြားနိုင်ငံတွေကလုပ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်လို့ New Orleans မြို့မှာကျင်းပမယ့် အမေရိကန်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကြည့်ဖို့အသွား Air Force One သမ္မတ လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောပါတယ်။
ဟာမတ်စ်အဖွဲ့က ပြန်လွှတ်ပေးလိုက်တဲ့ အစ္စရေးဓားစာခံတွေ အာဟာရချို့တဲ့ပြီး ပိန်လှီနေကြပြီး ဒုတိယကမ္ဘာစစ်ကာလ ဂျူးလူမျိုးတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရတဲ့ Holocaust က လွတ်မြောက်လာသူတွေနဲ့တောင် တူတယ်လို့လည်း သမ္မတ Trump က ပြောပါတယ်။
တချိန်တည်းမှာပဲ ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် စတင်အသက်ဝင်တဲ့အချိန်ကစလို့ ဂါဇာကမ်းမြောင်ကို ရိက္ခာတွေတင်ဆောင်လာတဲ့ ထရပ်ကား အစီးရေ တသောင်း နှစ်ထောင် (၁၂,၀၀၀) ကျော် ဝင်ရောက်လာခဲ့ပြီးဖြစ်တာကြောင့် လောလောဆယ်မှာ အငတ်ဘေးနဲ့ရင်ဆိုင်ရမယ့်အရေးက ရှောင်ရှားနိုင်ခဲ့ပြီဖြစ်ကြောင်း ကုလသမဂ္ဂ အရာရှိတွေက ပြောပါတယ်။
အခြေအနေတွေဟာ ဆိုးရွားနေဆဲဖြစ်သလို လူတွေကလည်း ဆာလောင်မွတ်သိပ်နေကြပါတယ်။ တကယ်လို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို သက်တမ်းမတိုးနိုင်ဘူး၊ သဘောတူညီချက် ပျက်ပြားသွားမယ်ဆိုရင် ငတ်မွတ်ခေါင်းပါးမှုနဲ့အလားသဏ္ဍာန်တူတဲ့ အစာရေစာ ပြတ်လပ်မှုတွေ တကျော့ပြန်ဖြစ်လာကိန်းရှိတယ်လို့ ကုလသမဂ္ဂ စာနာမှုဆိုင်ရာအကြီးအကဲ Tom Fletcher က ပြောပါတယ်။
Your browser doesn’t support HTML5
ဂါဇာဒေသ အမေရိကန် ထိန်းချုပ်လိုကြောင်း သမ္မတထရမ့် ထပ်မံပြောကြား