မြန်မာနဲ့ဗီယက်နမ် နှစ်နို်င်ငံအကြား ဘဏ္ဍာနှစ်အကူးအပြောင်း ကြားကာလ ဧပြီလကနေ စက်တင်ဘာလအထိ ခြောက်လထဲက ငါးလအတွင်း ကုန်သွယ်ရေးဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၆၂ သန်းကျော်ရှိတယ်လို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စနေနေ့ထုတ်ပြန်ချက်ကို ကိုးကားပြီး တရုတ်နိုင်ငံ ဆင်ဟွာသတင်းဌာနက ရေးထားပါတယ်။
မြန်မာနိုင်ငံရဲ့ ဘဏ္ဍာနှစ်သတ်မှတ်ချက်ကို မူလက ဧပြီလကနေ မတ်လအထိ သတ်မှတ် ထားရာကနေ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကစပြီး အောက်တိုဘာလကနေ စက်တင်ဘာလ အထိ ပြောင်းလဲသတ်မှတ်လိုက်တာကြောင့် ကြားကာလ အကူးအပြောင်း ကွာဟချက် ခြောက်လရှိထားတာပါ။
ဧပြီလကနေ သြဂုတ်လအထိ မြန်မာနိုင်ငံကနေ ဗီယက်နမ်ကို တင်ပို့ကုန်စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၁၁၉.၈ သန်းရှိပြီး တင်သွင်းကုန်စုစုပေါင်းက ၂၄၂.၃ သန်းရှိပါတယ်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အလားတူကာလအတွင်းက နှစ်ဘက်ကုန်သွယ်မှု ဒေါ်လာ ၃၂၁ သန်း ရှိခဲ့တာမို့ ဒီနှစ်မှာ ၄၀.၅ သန်း ပိုလာပါတယ်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ် တနှစ်လုံးမှာ နှစ်နိုင်ငံကြား ကုန်သွယ်မှု စုစုပေါင်းကတော့ ဒေါ်လာ ၇၁၄.၈ သန်း ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံကနေ ဗီယက်နမ်ကိုတင်ပို့တဲ့ အဓိကကုန်ပစ္စည်းတွေက သတ္တုအမျိုးမျိုး၊ စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေထွက်ကုန် ပစ္စည်းတွေဖြစ်ပြီး တင်သွင်ကုန်တွေကတော့ ကားအပိုပစ္စည်း၊ ကွန်ပြူတာအစိတ်အပိုင်း၊ ဆောက်လုပ်ရေးပစ္စည်း၊ သံမဏိ၊ ပလတ်စတစ်၊ ဆေးဝါးနဲ့ ဓာတုပစ္စည်းတွေဖြစ်ပါတယ်။
Your browser doesn’t support HTML5
မြန်မာ-ဗီယက်နမ် ကုန်သွယ်မှုပမာဏတိုး