ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လူစည်ကားတဲ့နေရာတခုမှာ မနေ့က ကမ္ဘောဒီးယားနိုင်ငံ အတိုက်အခံအမတ်ဟောင်း Lim Kimya အသတ်ခံခဲ့ရတဲ့ကိစ္စ အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့နဲ့ ထိုင်း အတိုက်အခံ People’s Party ပါတီအမတ်တဦးက ထိုင်းအစိုးရကို တောင်းဆိုပါတယ်။
အသက် ၇၄ နှစ်အရွယ် Lim Kimya ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ၂၀၁၈ ခုနှစ်က ပိတ်ပင်ခံခဲ့ရတဲ့ National Rescue Party CNRP အမတ်ဟောင်းတဦး ဖြစ်ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့ သားဖြစ်သူ လက်ရှိဝန်ကြီးချုပ် Hun Manet တို့ကို ဝေဖန်ဆန့်ကျင်နေသူ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ Siem Reap ကနေ ဇနီးဖြစ်သူ ပြင်သစ်အမျိုးသမီးနဲ့အတူ ထိုင်းနိုင်ငံကို ဘတ်စကားနဲ့ ရောက်လတာပါ။ မနေ့က ဘန်ကောက်မြို့ Phra Nakhon အရပ်မှာ မော်တော်ဆိုင်ကယ်နဲ့ လူတယောက်က သေနတ်နဲ့ အနီးကပ် ပစ်သတ်သွားတာပါ။
ကမ္ဘောဒီးယားအတိုက်အခံအမတ်ဟောင်း Lim Kimya လုပ်ကြံခံရတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က မှုခင်းနေရာမြင်ကွင်း။(ဇန်နဝါရီ ၈၊ ၂၀၂၅)
ဒီလို လုပ်ကြံ သတ်ဖြတ်တဲ့ ဖြစ်ရပ်ဟာ ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာကိုထိခိုက်နိုင်တဲ့အတွက် အမြန်ဆုံး စုံစမ်း ဖေါ်ထုတ်ပေးဖို့ ထိုင်းအစိုးရကို ထိုင်းအတိုက်အခံပါတီအမတ်က တောင်းဆိုတာကိုလည်း ထိုင်း သတင်းစာတွေမှာ ရေးပါတယ်။ လုပ်ကြံတယ်လို့ သံသယရှိတဲ့ အသက် ၄၁ နှစ်အရွယ် ဆိုင်ကယ် တက္ကစီ အမောင်းသမားတယောက်ကို ထိုင်းရဲတွေက ဖမ်းဝရမ်းထုတ်ထားပါတယ်။
ကမ္ဘောဒီးယားအစိုးရဟာ သူ့ကိုဆန့်ကျင်တဲ့ CNRP အတိုက်အခံတွေကို ထိုင်းနယ်ထဲအထိ လိုက်ပြီး ခြိမ်းခြောက်တာ၊ စုံစမ်း နှိမ်နင်းတာတွေလုပ်နေတယ်လို့ HRW လူ့အခွင့်အရေးအဖွဲ့ စောင့်ကြည့်ရေး အဖွဲ့ကြီးကလည်း ပြောထားပါတယ်။
Your browser doesn’t support HTML5
ကမ္ဘောဒီးယားအမတ်ဟောင်း ဘန်ကောက်မှာ လုပ်ကြံခံရမှု စုံစမ်းဖေါ်ထုတ်ဖို့ HRW တောင်းဆို