ထိုင်းနိုင်ငံမှာ အသရေဖျက်မှုနဲ့ တရားစွဲခံထားရတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ၃ ဦးကို ဒီကနေ့ တရားသေ လွှတ်ပေးလိုက်ပါတယ်။ ဒါပေမယ့် ဒါဟာ အနှစ်သာရမရှိတဲ့ အောင်ပွဲအဖြစ် သူတို့က ရှုမြင်ပြီး ထိုင်းနိုင်ငံရဲ့ တင်းကြပ်လွန်းလှတဲ့ ဒီ အသရေဖျက်မှုဆိုင်ရာ ဥပဒေကို သူတို့က ဝေဖန်လိုက်ပါတယ်။
မြန်မာနိုင်ငံသား အများအပြား အလုပ်လုပ်ကိုင်တဲ့ Thammakaset ကြက်သားစက်ရုံက အလုပ်သမားတွေအပေါ် အလုပ်ချိန်နဲ့ လုပ်ငန်းခွင်အတွင်း စည်းကမ်းချိုးဖောက်မှုအကြောင်း လူမှုကွန်ယက်ပေါ်မှာ မျှဝေခဲ့တာကြောင့် Angkhana Neelapaijit ၊ Puttanee Kangkun ၊ Thanaporn Saleephol တို့ ၃ ဦးဟာ ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်တွေမှာ တရားစွဲဆိုခံခဲ့ရတာပါ။
ထိုင်းလူ့အခွင့်အရေးလှုပ်ရှားသူ Angkhana Neelapaijit
Lopburi ခရိုင်အတွင်း Thammakaset ကုမ္ပဏီပိုင်တဲ့ ကြက်သားစက်ရုံက မြန်မာ အလုပ်သမားတွေအပေါ် သတ်မှတ်ချိန်ထက် ရက်ပိုခိုင်းနေပေမယ့် Overtime ကြေး မပေးတာ၊ အလုပ်သမားတွေရဲ့ စာရွက် စာတမ်း အထောက်အထားတွေကို ကုမ္ပဏီက သိမ်းဆည်းထားတာတွေအတွက် မြန်မာအလုပ်သမားတွေဘက်က ကုမ္ပဏီကို တရားစွဲထားပါတယ်။
ထိုင်းနိုင်ငံက နှစ်စဉ် ဒေါ်လာ ဘီလီယံချီပြီး ပြည်ပကို တင်ပို့နေတဲ့ ကြက်သားစက်ရုံတွေမှာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို နိုင်ငံတို့က ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် အဓိက အားထားနေရပေမဲ့ ဥပဒေနဲ့ ညီညွတ်ခြင်းရှိမရှိ တင်းကြပ်စွာ စောင့်ကြည့်တာမျိုး မရှိပါဘူး။ ထိုင်းနိုင်ငံမှာ အသရေဖျက်မှုနဲ့ စီရင်ချက်ချခံရရင် ထောင်ဒဏ် ၂ နှစ်၊ ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၅ ထောင် ၇ ရာကျော်နဲ့ ညီမျှတဲ့ ဘတ်ငွေ ၂ သိန်း ဒဏ်ရိုက်ခံရနိုင်တဲ့ ပြင်းထန်တဲ့ ဥပဒေကို လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန် ပြောဆိုလေ့ရှိပါတယ်။
စွဲချက်တင်ခံရသူ ၃ ဦးဟာ တရားလိုကို အသရေဖျက်လိုတဲ့ဆန္ဒနဲ့ လုပ်ဆောင်ခဲ့ခြင်းမဟုတ်ဘူးဆိုတာကို တရားရုံးက ဆုံးဖြတ်ချက် ချခဲ့တဲ့အကြောင်း တရားခံ ၃ ဦးရဲ့ရှေ့နေ Tittasat Soodsan က ဘန်ကောက်မြို့မှာရှိတဲ့ တောင်ပိုင်း ရာဇဝတ်ခုံရုံးအပြင်မှာ AFP သတင်းဌာနကို ပြောပါတယ်။ Thammakaset ကုမ္ပဏီပိုင်ရှင် Chanchai Pheamphon အနေနဲ့ အလုပ်သမားတွေကို နစ်နာကြေးပေးဖို့ ထိုင်းနိုင်ငံ တရားရုံးချုပ်က အမိန့်ချခဲ့ပေမဲ့ ၂၀၁၆ ခုနှစ်ကစလို့ သူ့ဘက်ကပြန်ပြီး တက်ကြွလှုပ်ရှားသူ ၂၂ ဦးအပေါ် စွဲချက် ၃၃ ခုပြန်တင်ခဲ့ပါတယ်။
Your browser doesn’t support HTML5
အသရေဖျက်မှုနဲ့ စွပ်စွဲခံရသူ ထိုင်းလှုပ်ရှားသူ ၃ ဦး တရားသေလွှတ်