ဆီးရီးယားအာဏာရအဖွဲ့က Assad အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေကို ဖျက်သိမ်းမည်

လက်ရှိဆီးရီးယားကို ဦးဆောင်နေတဲ့ HTS သူပုန်အဖွဲ့ ခေါင်းဆောင် Abu Mohammed al-Jolani (ဒီဇင်ဘာ ၅၊ ၂၀၂၄)

လက်ရှိဆီးရီးယားကို ဦးဆောင်နေတဲ့ HTS သူပုန်အဖွဲ့ ခေါင်းဆောင် Abu Mohammed al-Jolani (ဒီဇင်ဘာ ၅၊ ၂၀၂၄)

ဆီးရီးယားနိုင်ငံမှာ Assad အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကိုဖျက်သိမ်းပစ်မယ်လို့ သူပုန်ခေါင်းဆောင်က ကြေညာခဲ့ပါတယ်။ အကျဉ်းထောင်တွေကိုလည်းပိတ်ပစ်ပြီး ဖမ်းဆီးခံရသူတွေအပေါ် နှိပ်စက် သတ်ဖြတ်သူအားလုံးကို လိုက်ရှာ အပြစ်ပေးမယ်လို့ Assad ကိုဖြုတ်ချခဲ့တဲ့ သူပုန်အဖွဲ့တွေရဲ့ ခေါင်းဆောင်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိဆီးရီးယားကို ဦးဆောင်နေတဲ့ HTS သူပုန်အဖွဲ့ ခေါင်းဆောင် Abu Mohammed al-Jolani က အရင်အစိုးရရဲ့ လုံခြုံရေးတပ်တွေကိုဖျက်သိမ်းမှာဖြစ်သလို နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အကျဉ်းထောင် တွေကို ပိတ်ပစ်မယ်လို့ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ တခြားနိုင်ငံတွေကို ထွက်ပြေး သွားတဲ့ နှိပ်စက် ညှင်းပမ်းသူတွေကို ဆီးရီးယားကို ပြန်ပို့ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

လက်ရှိဆီးရီးယားကို ဦးဆောင်နေတဲ့ HTS သူပုန်အဖွဲ့ ခေါင်းဆောင် Abu Mohammed al-Jolani

လက်ရှိဆီးရီးယားကို ဦးဆောင်နေတဲ့ HTS သူပုန်အဖွဲ့ ခေါင်းဆောင် Abu Mohammed al-Jolani

al Qaeda နဲ့ဆက်နွယ်တဲ့ HTS အဖွဲ့ကို အမေရိကန်အစိုးရ၊ ကုလသမဂ္ဂနဲ့ EU ဥရောပသမဂ္ဂတို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားချိန်မှာ နိုင်ငံခြားအစိုးရတွေက ဒီအဖွဲ့ကို သတိထား ဆက်ဆံနေကြပါတယ်။ ဆီးရီးယားနိုင်ငံမှာ အားလုံးပါဝင်ပြီး နိုင်ငံရေးကို ဘာသာရေးမရောဘဲ အများယုံကြည်လက်ခံနိုင်တဲ့ အစိုးရပေါ်ပေါက်လာရေးအတွက် အသွင်ကူးပြောင်းတဲ့ လုပ်ငန်းစဉ် တွေမှာ ကူညီဖို့ အဆင်သင့်ပဲလို့ ဒီမိုကရေစီ နိုင်ငံကြီးတွေပါဝင်တဲ့ G7 အဖွဲ့ခေါင်းဆောင်တွေက ဒီနေ့ ကြာသပတေးနေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

အာဏာရှင် Bashar al-Assad ရဲ့ ၂၄ နှစ်ကြာ အုပ်ချုပ်မှု အဆုံးသတ်သွားပြီးနောက် နိုင်ငံရေး အသွင်အကူးအပြောင်းမှာ တရားဥပဒေစိုးမိုးရေး၊ အမျိုးသမီးအခွင့်အရေးအပါအဝင် လူတိုင်းရသင့်တဲ့ အခွင့်အရေးတွေနဲ့ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို အသေအချာကာကွယ်ဖို့နဲ့ ပွင့်လင်းမြင်သာဖို့ အသေအချာဆောင်ရွက်ရမယ်လို့ G7 ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဒီစံတွေအတိုင်းဆောင်ရွက် လိုက်နာတဲ့ အနာဂတ်ဆီးရီးယားအစိုးရကို G7 အနေနဲ့ အပြည့်အဝထောက်ခံမှာဖြစ်သလို အတူ ပူးပေါင်း ဆောင်ရွက်မယ်လို့လည်း ကတိပြုခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံကို Assad မိသားစု အဆက်ဆက် နှစ်ပေါင်း ၅၀ ကြာ အုပ်ချုပ်ခဲ့တဲ့ကာလအတွင်း လူအမြောက်အများ ပျောက်ဆုံး၊ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရပါတယ်။ Assad နိုင်ငံကနေ ထွက်ပြေးသွားခဲ့ပြီးနောက် ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေဟာ အကျဉ်းထောင်တွေကို သွားရောက် ရှာဖွေခဲ့ကြပါတယ်။

Your browser doesn’t support HTML5

ဆီးရီးယားအာဏာရအဖွဲ့က Assad အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေကို ဖျက်သိမ်းမည်