ရာထူးကဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က သူ့အပေါ် တရားစွဲထားတဲ့ အမှုအတွက် ဒီနေ့ပြုလုပ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ကြားနာစစ်ဆေးမှု ပထမနေ့ကို တက်မလာတဲ့အတွက် ကြားနာမှုစတင်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ရပ်ဆိုင်းလိုက်ရပါတယ်။
ဆိုးလ်မြို့တော်က ခြံဝင်းကြီးအတွင်းကအိမ်မှာ သီတင်းပတ်နဲ့ချီနေထိုင်နေတဲ့ သမ္မတ Yoon ရဲ့ ရှေ့နေကတော့ အာဏာပိုင်တွေဘက်က သူ့ကို အစောပိုင်းမှာဖမ်းဆီးဖို့ ကြိုးစားခဲ့တဲ့အတွက် သမ္မတ Yoon အနေနဲ့ ဒီ ကြားနာမှုကိုတက်မှာမဟုတ်ကြောင်း ပြောပါတယ်။ နောက်တကြိမ် ကြားနာမှုကို လာမယ့် ကြာသပတေးနေ့မှာကျင်းပဖို့ စီစဉ်ထားပြီး အဲဒီနေ့မှာ သမ္မတ Yoon ကိုယ်တိုင် မတက်ဘူး ဆိုရင်တော့ သူ့ကိုကိုယ်စားပြုတဲ့ ရှေ့နေတွေနဲ့ကြားနာမှုကို စတင်မှာဖြစ်ပါတယ်။
သူ့ဘက်က ခုခံကာကွယ်နိုင်တဲ့နည်းလမ်းတွေကို ဆွေးနွေးပြီးမှ သမ္မတ Yoon အနေနဲ့ ကြာသပတေးနေ့ ကြားနာမှုကို တက်မယ် မတက်ဘူးဆိုတာကိုဆုံးဖြတ်မှာဖြစ်ကြောင်း သမ္မတရဲ့ရှေ့နေ Yoon Kab-keun က တရားရုံးအပြင်မှာ ဒီနေ့ ပြောပါတယ်။ သမ္မတ Yoon ကို ရာထူးက အပြီးအပိုင်ဖယ်ရှားသင့်သလား၊ ဒါမှမဟုတ် ရာထူးပြန်အပ်သင့်သလားဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ရက်ပေါင်း ၁၈၀ အတွင်း ဆုံးဖြတ်ချက်ချပေးရမှာ ဖြစ်ပါတယ်။
တောင်ကိုရီးယားမှာ အခုလို နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေချိန်မှာပဲ မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်အတော်များများ ဒီကနေ့ စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ ဒါဟာ တောင်ကိုရီးယားကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး Takeshi Iwaya လာရောက်လည်ပတ်ချိန်နဲ့ အချိန်ကိုက်ပြီး ပစ်လွှတ်တာ ဖြစ်သလို အမေရိကန်မှာ သမ္မတသစ် Donald Trump ရာထူးလက်ခံရယူဖို့ သီတင်းပတ် တပတ်တောင်မလိုတော့အချိန်မှာ မြောက်ကိုရီးယားအပေါ် သူ့ရဲ့ အာရုံစိုက်မှုရအောင် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5
တောင်ကိုရီးယားသမ္မတ ရုံးချိန်းမတက်တဲ့အတွက် ဖွဲ့စည်းပုံခုံရုံးကြားနာပွဲ အစီအစဉ်ပျက်