မြန်မာစစ်ကောင်စီကို ရေနံတွေရောင်းချနေတယ်လို့စွပ်စွဲခံရတဲ့ စင်္ကာပူအခြေစိုက် Interra Resources ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို စင်္ကာပူ စတော့ရှယ်ယာဈေးကွက်မှာ ရောင်းချမှုရပ်ထားဖို့ တောင်းဆိုထားပါတယ်။
မြန်မာစစ်ကောင်စီနဲ့ စီးပွားရေးဆက်နွယ်မှုတွေအပေါ် စင်္ကာပူ Exchange SGX အုပ်ချုပ်သူတွေရဲ့ စစ်ဆေးမေးမြန်းချက်တွေကို အချိန်ယူဖြေရှင်းဖို့အတွက် အခုလို သူတို့အစုရှယ်ယာတွေကို စင်္ကာပူအစုရှယ်ယာဈေးကွက်မှာ ရောင်းချမှုဆိုင်းထားတာဖြစ်တယ်လို့ Interra Resources ကုမ္ပဏီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခုလို အစုရှယ်ယာရောင်းချမှု ဆိုင်းငံ့လိုက်တာကို ကုမ္ပဏီက အမှားလုပ်ထားလို့ ရပ်ထားတယ်လို့ မမှတ်ယူဖို့လည်း ပြောထားပါတယ်။
SEE ALSO: မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ကန် အရေးယူ
Interra Resources ကုမ္ပဏီနဲ့ ဖက်စပ်လုပ်နေတဲ့ Goldpetrol ကုမ္ပဏီက ၂၀၂၁ ခုနှစ် စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အတွက် ရေနံစိမ်းစည် ၂ သန်း ၃ သိန်း ရောင်းခဲ့တယ်လို့ Justice for Myanmar အဖွဲ့က စွပ်စွဲချက်အပေါ် စင်္ကာပူ Exchange တာဝန်ရှိသူ တွေက စစ်ဆေးနေတာဖြစ်ပါတယ်။Goldpetrol ကုမ္ပဏီရောင်းတဲ့ ဒေါ်လာသန်း ၁၅၀ ကျော် တန်ဖိုး ရှိတဲ့ ရေနံစိမ်းတွေကို နိုင်ငံပိုင် မန်းသံပုရာကန်ရေနံချက်စက်ရုံမှာသန့်စင်ပြီး စစ်တပ်အတွက် ဒီဇယ်နဲ့ လေယာဉ်ဆီတွေ ထုတ်လုပ်ပေးနေတယ်လို့ Finance Unvovered နဲ့ Justice for Myanmar အဖွဲ့တွေက မကြာသေးခင်က ထုတ်ဖေါ်ခဲ့ပါတယ်။ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းအပေါ် အမေရိကန်နဲ့ EU ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ပွဲတွေဖြစ်နေတဲ့ မြန်မာစစ်တပ်ဟာ ကျောင်းတွေ၊ ဆေးရုံတွေ၊ ဒုက္ခသည်စခန်းတွေအပေါ်ပါ လေကြောင်းတိုက်ခိုက် နေပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ ကုလသမဂ္ဂက ပြောကြားထားပါတယ်။ လူထုအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လက်အောက်ခံ ရေနံလုပ်ငန်းတွေနဲ့ စီးပွားရေးပူးပေါင်းလုပ်ဆောင်နေတာဟာ စစ်အုပ်စုကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို လောင်စာဖြည့်ပေးရာရောက်တယ်ဆိုပြီး Justice for Myanmar အဖွဲ့က ပြောထားပါတယ်။
Your browser doesn’t support HTML5
စစ်တပ်ကိုရေနံရောင်းတဲ့ စင်္ကာပူကုမ္ပဏီအစုရှယ်ယာရောင်းချမှု ယာယီရပ်