၂၀၁၄ ခုနှစ်က မလေးရှားလေကြောင်းပိုင် MH370 လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး စင်ကာပူနိုင်ငံဖွား ဟာသအစီအစဉ် တင်ဆက်သူ Jocelyn Chia က ဟာသလုပ် ပြောခဲ့တဲ့အပေါ် စင်ကာပူနိုင်ငံအနေနဲ့ မလေးရှားနိုင်ငံကို တောင်းပန်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဒီနေ့ပြောလိုက်ပါတယ်။
အခုလို Jocelyn Chia ရဲ့ စိတ်အနှောက်အယှ့က်ဖြစ်စရာ ပြောဆိုမှုတွေကြောင့် ထိခိုက်နာကျင်ခဲ့ရတဲ့ မလေးရှား နိုင်ငံသားတွေအားလုံး အတွက် စင်ကာပူနိုင်ငံအနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Balakrishnan က ပြောပါတယ်။ ဒါ့အပြင် သူမရဲ့ ပြောဆိုမှုတွေဟာ စင်ကာပူနိုင်ငံကို ကိုယ်စားမပြုသလို၊ စင်ကာပူနိုင်ငံအနေနဲ့လည်း မလေးရှားနိုင်ငံက မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေကို တန်းဖိုးထားတယ်လို့လည်း ဝန်ကြီး Balakrishnan က ပြောပါတယ်။
မလေးရှားနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး Vanu Gopala Menon ကလည်း Chia ရဲ့ ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံသားတွေ အားလုံးကို တောင်းပန်တယ်လို့ ပြောလိုက်ပါတယ်။
Jocelyn Chia ဟာ နယူးယောက်မြို့က ဟာသကလပ်တခုမှာ မလေးရှာနဲ့ စင်ကာပူ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဟာသတွေ ပြောကြားခဲ့စဉ်အတွင်း မလေးရှားလေယာဉ်ပျက်ကျမှုကိုလည်း ရယ်စရာဟာသလုပ် ပြောခဲ့တာပါ။ ဒါ့အပြင် စင်ကာပူနိုင်ငံဟာ မလေးရှားကနေ ခွဲထွက်ပြီး လွတ်လပ်ရေးရပြီးတဲ့နောက် ကမ္ဘာ့ဖွံဖြိုးတိုးတက်တဲ့ ထိပ်တန်းနိုင်ငံတခု ဖြစ်လာခဲ့ပြီး၊ မလေးရှားနိုင်ငံကတော့ ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်ရှိနေတုန်းပဲလို့လည်း ပြောခဲ့ပါတယ်။
Chia ရဲ့ ပြောဆိုမှုတွေပတ်သက်လို့ မလေးရှားတာဝန်ရှိသူတွေကလည်း ပြစ်တင်ရှုတ်ချလိုက်ပြီး၊ အခုလိုပြောတာဟာ လေယာဉ်ပျက်ကျမှုမှာ သေဆုံးသွားတဲ့ မိသားစုဝင်တွေအပေါ်မှာ လုံးဝစာနာစိတ်မရှိတာဖြစ်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir ကလည်း ပြောလိုက်ပါတယ်။
Your browser doesn’t support HTML5
စင်ကာပူဟာသတင်ဆက်သူရဲ့ ပြောဆိုမှုကြောင့် မလေးရှားကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီး တောင်းပန်