အမေရိကန်ပြည်ထောင်စုက အထင်ကရ ဝါရင့် အထက်လွှတ်တော်အမတ် John McCain ဟာ သူခံစားနေရတဲ့ ဦးနှောက်ကင်ဆာအတွက် ဆေးဝါးကုသမှုကို ရပ်ဆိုင်းလိုက်ပြီးဖြစ်ကြောင်း သူ့ရဲ့ မိသားစုက ကြေညာလိုက်ပါတယ်။
John McCain ဟာ ဦးနှောက် ကင်ဆာရောဂါကုသနေရကြောင်း မနှစ်က အများပြည်သူ သိအောင် အသိပေး ကြေညာခဲ့ပြီးနောက် သောကြာနေ့က ထုတ်ပြန်တဲ့ မိသားစုရဲ့ ကြေညာချက်မှာ-သူ အသက် ဆက်ပြီး ရှင်မယ်လို့ မျှော်လင့်ထားတဲ့ အတိုင်းအတာထက် ကျော်လွန်လာခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
ရောဂါ အခြေအနေ နောက်ဆုံးအဆင့်ရောက်ရှိနေသလို ရှောင်လွဲှလို့မရတဲ့ကြီးရင့်လာပြီဖြစ်တဲ့ အသက်အရွယ်ကြောင့် အခုလို ဆုံးဖြတ်ချက်မျိုး ပြုလုပ်ရတာဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြ ထားပါတယ်။ သူရဲ့ အစဉ်အလာရှိတဲ့ ခိုင်မာတဲ့ စိတ်ဆန္ဒနဲ့အညီ ဆေးဝါးကုသမှုကို ဆက်ပြီး မခံယူတော့ဖို့ သူကိုယ်တိုင် ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
Mr. McCain ဟာ ၂၀၁၇ ခုနှစ် ဇူလိုင်ကစပြီး ဦးနှောက်ကင်ဆာအတွက် ဆေးဝါးကုသမှု ခံယူနေခဲ့ တာပါ။ ခွဲစိတ်ကုသမှုခံယူအပြီး နှစ်ပတ်အကြာမှာ ဝါရှင်တန်ဒီစီက လွှတ်တော်ကို ပြန်လာပြီး သမ္မတဟောင်း အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပြင်ဆင်တဲ့ ဥပဒေသစ်ကို သူရဲ့ပါတီနဲ့ ဆန့်ကျင်ပြီး ထောက်ခံခဲ့ပါတယ်။
အသက် (၈၀)ကျော် ရှိနေပြီ ဖြစ်တဲ့ ရီပါပလင်ကန် အထက်လွှတ်တော်အမတ် Mr. McCain ဟာ ၂၀၀၀ ပြည့်နှစ်က တကြိမ်၊ ၂၀၀၈ ခုနှစ်ကတကြိမ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူလည်းဖြစ်ပါတယ်။
သူဟာ အမေရိကန်ရေတပ် စစ်မှုထမ်းတဦးအနေနဲ့ ဗီယက်နမ်စစ်ပွဲကာလတုန်းက စစ်သုံ့ပန်းအဖြစ် ၅ နှစ်ခွဲကြာ ညှင်းပမ်း နှိပ်စက် အကျဉ်းကျခံခဲ့ရပါတယ်။ ဒါ့အပြင်ဗီယက်နမ် စစ်ကာလအတွင်း သေဆုံးခဲ့တဲ့ အမေရိကန်စစ်မှုထမ်းတွေရဲ့ ရုပ်အလောင်းတွေကို အမေရိကန်ပြည်ထောင်စု ပြန်ပြီး သယ်ယူရေးအတွက် ဗီယက်နမ်နိုင်ငံကို အမေရိကန်အထက်လွှတ်တော်အမတ်တဦးအနေနဲ့ ကိုယ်တိုင် အကြိမ်ကြိမ်သွားရောက်ပြီးဆောင်ရွက်ခဲ့ပါတယ်။
Your browser doesn’t support HTML5
အထက်လွှတ်တော်အမတ် John Mccain ဆေးကုသမှု ခံယူတော့မည်မဟုတ်