ယူကရိန်းအပေါ် ကျူးကျော်မှုအတွက် ရုရှားကို ပါကစ္စတန်စစ်တပ် အကြီးအကဲ ဝေဖန်

ပါကစ္စတန်စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Qamar Javed Bajwa. (ဧပြီ ၇၊ ၂၀၂၁)

ပါကစ္စတန်စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Qamar Javed Bajwa. (ဧပြီ ၇၊ ၂၀၂၁)

(Zawgyi / Unicode)

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ လုပ်ရပ်ဟာ နိုင်ငံငယ်တခုအတွက် အလွန်ကြီးမားတဲ့ ကြေကွဲစရာလုပ်ရပ်အဖြစ် ပါကစ္စတန်စစ်တပ် အကြီးအကဲက ပြစ်တင်ရှုတ်ချလိုက်ပြီး အမြန်ဆုံး အပစ်အခတ် ရပ်စဲဖို့လည်း တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီး Qamar Javed Bajwa ရဲ့ စနေနေ့က ထူးထူးခြားခြား ဝေဖန်လိုက်တဲ့ သဘောထားဟာ ရုရှားသမ္မတ Vladimir Putin ရဲ့ လုပ်ရပ်တွေကို ဝေဖန်တာတွေ မလုပ်ဘဲ ကြားနေဖို့ ကြိုးပမ်းနေတဲ့ ဝန်ကြီးချုပ် Imran Khan ရဲ့ ရပ်တည်ချက်နဲ့ သိသိသာသာ ကွဲလွဲနေပါတယ်။

ရုရှားရဲ့ ကျူးကျော်မှုကြောင့် ယူကရိန်းမှာ လူပေါင်းထောင်ချီသေဆုံးပြီး သန်းနဲ့ချီ ဒုက္ခသည်ဖြစ်ကြရ၊ နိုင်ငံတဝက်လောက် ထိခိုက်ပျက်စီးရတာဟာ စိတ်မကောင်းစရာအဖြစ် ဗိုလ်ချုပ်ကြီး Bajwa က မြို့တော် အစ္စလာမ်မာဘတ်မှာ ကျင်းပတဲ့ နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ညီလာခံမှာ ရုပ်သံကနေတဆင့် ပြောဆိုခဲ့ပါတယ်။

ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးကြဖို့ တိုက်တွန်းလိုက်ပြီး ယူကရိန်းရဲ့ ထူးချွန်စွာ ခုခံတိုက်ခိုက်နိုင်တာကိုလည်း ဗိုလ်ချုပ်ကြီး Bajwa က ချီးကျူး ပြောဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ် Imran Khan ကတော့ ရုရှားအပေါ် ပြစ်တင်ရှုတ်ချဖို့ အနောက်တိုင်းနိုင်ငံတွေရဲ့ တောင်းဆိုမှုကို ငြင်းဆန်ခဲ့သလို ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ရုရှားသမ္မတ Putin နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ပထမဆုံး နိုင်ငံ့ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။

စစ်အေးကာလက ပါကစ္စတန်အနေနဲ့ အနောက်တိုင်းနိုင်ငံတွေနဲ့ လက်တွဲခဲ့တာ မှားတယ်လို့ အယူအဆရှိတဲ့ ဝန်ကြီးချုပ် Khan ဟာ ပါကစ္စတန်လွှတ်တော်မှာ အတိုက်အခံတွေရဲ့ အယုံအကြည်မရှိအဆို တင်သွင်းဖို့ တနင်္ဂနွေနေ့မှာ မဲခွဲဆုံးဖြတ်မယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းအပေါ် ကျူးကျော်မှုအတွက် ရုရှားကို ပါကစ္စတန်စစ်တပ် အကြီးအကဲ ဝေဖန်

-------------------------------

(Unicode)






