အကူအညီဖြတ်တောက်မှုကြောင့် ရိုဟင်ဂျာကလေးငယ်တွေ အာဟာရချို့တဲ့မဲ့အရေး ကုလသတိပေး 

Indonesia Rohingya

ရိုဟင်ဂျာဒုက္ခသည်သိန်းနဲ့ချီရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ဒုက္ခသည်စခန်းမှာ ကလေးငယ် တွေကြား အာဟာရချို့တဲ့မှုဟာ အဆိုးဆုံးအခြေအနေကိုရောက်နေပြီး နောက်ထပ် နိုင်ငံတကာ အကူအညီတွေ ဖြတ်တောက်ခံရမယ်ဆိုရင် လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခဆိုးကြီးကို ရင်ဆိုင်ရနိုင်ကြောင်း ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ UNICEF က ဒီနေ့ သတိပေးပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက Cox’s Bazar မှာ ကလေးငယ်တွေကြား ပြင်းထန်တဲ့အာဟာရချို့တဲ့မှုကြောင့် ဆေးရုံတင်ရတဲ့အခြေအနေဟာ ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလကနဲ့စာရင် (၂၇) ရာခိုင်နှုန်းကျော် တိုးလာပါ တယ်။ အသက် (၅) နှစ်အောက် ကလေးငယ် (၃၈) ယောက်ကျော် နေ့စဉ် အရေးပေါ် ဆေးကုသခံနေရ ပါတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ UNICEF ကိုယ်စားလှယ် Rana Flowers က ဂျနီဗာမှာ ဒီနေ့ ပြောသွားတာပါ။

တကယ်လို့ နိုင်ငံတကာအကူအညီတွေ ထပ်မရဘူးဆိုရင် ကုသဖို့လိုအပ်တဲ့ ကလေးငယ်တွေထဲက တဝက်ကိုပဲ စောင့်ရှောက်နိုင်မှာဖြစ်ပြီး ကလေးငယ် (၇,၀၀၀) လောက်အတွက် စိုးရိမ်ရတယ်လို့လည်း သူက သတိပေးပါတယ်။

ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ အချိုးကျပေးနေတဲ့ အခြေအနေကလည်း သိပ်ကို စိုးရိမ်ရတဲ့ အနေအထားရောက်နေပြီး အရေးပေါ် အကူအညီထပ်မရဘူးဆိုရင် အချိုးကျဝေပေးတဲ့ပမာဏကို တဝက်အောက်ထပ်လျော့ရမယ့်အကြောင်း WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က သတိပေးထားတာကို လည်း Rana Flowers က ပြောဆိုသွားပါတယ်။ စခန်းမှာ ဒုက္ခသည်တွေအတွက် အခြေခံလိုအပ်တဲ့ အာဟာရပြည့်မှီအောင် ထောက်ပံ့နိုင်တဲ့အခြေအနေမရှိကြောင်းနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ မေးကင်းစ ကလေးငယ်တွေအတွက် အထူးစိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။

အမေရိကန်အစိုးရက နိုင်ငံတကာ အကူအညီတွေကို ဖြတ်တောက်ရာက ရိုဟင်ဂျာတွေအပါအဝင် ကမ္ဘာတလွှား စာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ပေါ်ပေါက်လာမှာကို အကူအညီပေးရေးအဖွဲ့တွေ စိုးရိမ်နေကြတာပါ။ အမေရိကန်အစိုးရကတော့ အသုံးစရိတ်တွေ အလေအလွင့်မရှိဖို့ဆိုပြီး နိုင်ငံတကာ အကူအညီတွေကို ပြန်လည်စိစစ်ဖို့ ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အကူအညီဖြတ်တောက်မှုကြောင့် ရိုဟင်ဂျာကလေးငယ်တွေ အာဟာရချို့တဲ့မဲ့အရေး ကုလသတိပေး