အစိုးရအင်္ဂါရပ်နဲ့အညီ NUG အွန်လိုင်းဗဟိုဘဏ် တည်ထောင်

Credit: Spring Development Bank/Facebook

Credit: Spring Development Bank/Facebook

အွန်လိုင်း Crypto ဘဏ်ကို တည်ထောင်လိုက်ကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကြေညာချက်နဲ့ ပတ်သက်လို့ အစိုးရအင်္ဂါရပ်နဲ့အညီ ငွေကြေးစီးဆင်းလည်ပတ်နိုင်ရေး အွန်လိုင်းဘဏ်ကို တည်ထောင်လိုက်တာ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေကို ပြောပါတယ်။

"နိုင်ငံတကာ အကူအညီတွေ၊ ပြည်တွင်းပြည်ပ အကူအညီတွေ၊ ဒီအကူအညီတွေ၊ ငွေကြေးစီးဆင်းမှုတွေ ချောမွေ့ဖို့ ကျနော်တို့မှာ ဘဏ်ရှိဖို့ လိုတယ်။ ငွေကြေးစီးဆင်းတဲ့ စနစ်တွေ၊ ရှိဖို့လိုတယ်။ ဒါတွေအတွက်ကို လုပ်ဖို့အတွက် ဒါကိုဆောင်ရွက်တယ်လို့ ကျနော်အနေနဲ့ အကျဉ်းချုပ်ပြောလို့ရတယ်။ ကျနော်တို့ NUG Pay ရှိတယ်။ ဘယ်လောက်ကောင်းသလဲဆိုရင် NUG Pay ကြောင့် တကယ့်မြေပြင်မှာ ထိထိရောက်ရောက် အများကြီးဆောင်ရွက်နိုင်တာ ရှိတယ်။"

ဇူလိုင်လ ၁၈ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ NUG ကြေညာချက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဗဟိုဘဏ်ကို တည်ထောင်လိုက်ပြီး နွေဦးဖွံဖြိုးရေးဘဏ်လို့ အမည်ပေးထားကြောင်း ဖေါ်ပြထားပါတယ်။ ဒီဘဏ်အနေနဲ့ cryptocurrency အွန်လိုင်းသုံးငွေနဲ့ လည်ပတ်မှာဖြစ်ပြီး၊ ပထမဆုံး တရားဝင် အွန်လိုင်းသုံးငွေဘဏ် ဖြစ်လာမယ်လို့ ဆိုပါတယ်။ ဒါအပြင် ဇူလိုင်လ ၂၂ ရက်နေ့ကစတင်ပြီး သုံးစွဲသူအရေအတွက် ၁၀၀၀ နဲ့ စမ်းသပ်လုပ်ကိုင်မှာ ဖြစ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။

နွေဦးဖွံဖြိုးရေးဘဏ်အနေနဲ့ စစ်ကောင်စီထံ ငွေကြေးစီးဆင်းမှုတွေကို ပိတ်ဆို့နိုင်ရေး ရည်ရွယ်ကြောင်းလည်း NUG နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။