ပြင်သစ်နိုင်ငံ Nice မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ ပြင်သစ်အမျိုးသားနေ့ကတိုက်ခိုက်မှုအတွင်း အသက်မသေဘဲကျန်ရစ်သူတွေ နဲ့ သေဆုံးသွားသူတွေရဲ့ မိသားစုဝင် ၁၈၀ ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီကနေ့ စနေနေ့မှာ တွေ့ဆုံမှာဖြစ်ပါတယ်။
ရောမမြို့မှာ ပြုလုပ်မယ့် ဒီတွေ့ဆုံပွဲကို ဘာသာပေါင်းစုံပါဝင်နိုင်အောင်ဖွင့်ပေးထားပြီး၊ အဲဒီထဲမှာ မွတ်စလင်၊ ဂျူး၊ Orthodox ခရစ်ယာန်၊ ပရိုတက်စ်တန့် နဲ့ ကက်သလစ်ခရစ်ယာန် ဂိုဏ်းတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် ၁၅၀ လည်း ပါဝင်မှာဖြစ်ပါတယ်။
Nice မြို့ရဲ့ ဒုတိယမြို့တော်ဝန် Christian Estrosi လည်း ပုပ်ရဟန်းမင်းကြီး နဲ့ တွေ့ဆုံတဲ့ပွဲကို တက်ရောက်ဖို့အတွက်ရောမမြိုကိုသွားရောက်မှာဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုက ကိုးကွယ်ရာဘာသာတွေကြားထဲမှာ ဘယ်လိုကွဲပြားခြားနားမှုမှမရှိတဲ့ စုဝေးမှုဖြစ်တယ်လို့ သူကအလေးပေးပြောကြားလိုက်ပါတယ်။
ပြင်သစ်နိုင်ငံရဲ့ အမျိုးသားနေ့အခမ်းအနား ဆင်နွဲနေကြတဲ့ လူအုပ်ကြီးထဲကို အစ္စလာမ်မစ်အစွန်းရောက်တဦးက ထရပ်ကားနဲ့မောင်းနှင်ပြီး တိုက်ခိုက်ခဲ့တဲ့ Nice မြို့တိုက်ခိုက်မှုအတွင်း ၈၆ ယောက်သေဆုံးပြီး၊ အတော်များများ ဒဏ်ရာရသွားခဲ့ကြပါတယ်။
Nice မြို့တိုက်ခိုက်မှု နဲ့ လူ ၁၃၀ ကျော်သေဆုံးခဲ့တဲ့ ပြီးခဲ့တဲ့နှစ်က ပဲရစ်မြို့တိုက်ခိုက်မှုတွေကြောင့် ပြင်သစ်အာဏာပိုင်တွေက အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုတွေကို သတိကြီးကြီးနဲ့ စောင့်ကြည့်နေကြပါတယ်။
Your browser doesn’t support HTML5
Nice မြို့အကြမ်းဖက်မှုဒဏ်သင့်သူတွေနဲ့ ပုပ်ရဟန်းမင်းကြီးတွေ့ဆုံ