သမ္မတ Donald Trump ရဲ့ “ညံ့ဖျင်း နိမ့်ကျပြီး ထိရောက်မှုမရှိတဲ့” ခေါင်းဆောင်မှုပုံစံအပေါ် ဝေဖန်ထားတဲ့ NewYork Times သတင်းစာပါ ဆောင်းပါးကို အမည်မဖော်ဘဲ ရေးသားထားသူဟာ သူတို့မဟုတ်ဘူးလို့ သမ္မတ Trump အစိုးရအဖွဲ့ထဲက ထိပ်တန်းတာဝန်ရှိသူတွေက ငြင်းဆန် ပြောဆိုနေကြပါတယ်။
နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဒီဆောင်းပါးဟာ “ဝမ်းနည်းဖွယ်” ဖြစ်တယ်လို့ အိန္ဒိယခရီးစဉ်အတွင်း ပြောပါတယ်။ “အခုဖြစ်ရပ်မှာ ဒီအစိုးရကို ထိခိုက်ပျက်စီးစေဖို့ မီဒီယာရဲ့ အားထုတ်လုပ်ဆောင်ချက်ဟာ သိပ်ကို စိတ်ပျက်ဖို့ကောင်းတယ်” လို့လည်းပြောပါတယ်။
ဒုသမ္မတ Mike Pence ရဲ့ရုံးကလည်း ဒါဟာ “အပျော်တမ်း လုပ်ဆောင်ချက်မျိုးထက် အများကြီး ကျော်လွန်တယ်” လို့ Twitter မှာရေးပါတယ်။
အမျိုးသားထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူး Dan Coats က “The New York Times မှာ ပါတဲ့ ဆောင်းပါး ကို ကျနော် ဒါမှမဟုတ် ကျနော့်ရဲ့လက်ထောက်က ရေးသားတယ်ဆိုတဲ့ ခန့်မှန်းပြောဆိုချက်တွေဟာ လုံးဝကို မှားယွင်းပါတယ်။ ကျနော်တို့ မရေးပါဘူး” လို့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။
သူတို့မဟုတ်ဘူးလို့ ငြင်းကြတဲ့ တခြား ထိပ်တန်းတာဝန်ရှိသူတွေထဲမှာ ကာကွယ်ရေးဝန်ကြီး Jim Mattis ၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ၊ ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin ၊ အမိမြေလုံခြုံရေးဌာနဝန်ကြီး Kirstjen Nielsen ၊ အလုပ်သမားဝန်ကြီး Alex Acosta နဲ့ စွမ်းအင်ဝန်ကြီး Rick Perry တို့ပါဝင်ပါတယ်။
ဆောင်းပါးကို ရေးသူဟာ အစိုးရအဖွဲ့ အကြီးတန်း တာဝန်ရှိသူတဦးဖြစ်ပြီး ဘယ်သူရေးတယ်ဆိုတာ လူသိရှင်ကြား ထုတ်ပြော မယ်ဆိုရင် အဲဒီလူရဲ့ အလုပ်အကိုင်ကို ထိခိုက်ဖွယ်ရှိတယ်လို့ The Times သတင်းစာကပြောပါတယ်။
Your browser doesn’t support HTML5
New York Times သတင်းစာကို စာမရေးခဲ့ကြောင်း ကန်အရာရှိတွေ ငြင်းဆို