တိုင်းပြည်အတွက် အကောင်းဆုံးမိတ်ဆွေအဖြစ် သမ္မတထရမ့်ကို အစ္စရေးဝန်ကြီးချုပ် ချီးကျုး

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu (Reuters/Evelyn Hockstein/Pool)

အမေရိကန်သမ္မတ Donald Trump ဟာ အစ္စရေးနိုင်ငံအတွက် အကောင်းဆုံးမိတ်ဆွေဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က ပြောလိုက်ပါတယ်။

"သမ္မတထရမ့်နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဓားစာခံတွေ တယောက်မကျန် ပြန်လွတ်လာတဲ့အထိ ငရဲပွတ်အောင်လုပ်မယ့် မဟာဗျုဟာ ဘုံသဘောထား ရရှိထားပြီး၊ အများပြည်သူကို အမြဲချပြလို့တော့ မရပါဘူး။" လို့ အရှေ့အလယ်ပိုင်းဒေသ ခရီးစဉ်အဖြစ် ဂျေရုဆလင်မှာ ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့ တွေ့ဆုံအပြီး ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အစ္စရေး ဝန်ကြီးချုပ်က ပြောလိုက်တာပါ။

မနေ့တုန်းကတော့ အစ္စရေးဓားစာခံ ၃ ယောက်ကို ဟားမတ်စ်အဖွဲ့က ပြန်လွှတ်ပေးလိုက်ပြီး၊ အစ္စရေးကလည်း အပြန်အလှန်အနေနဲ့ ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း ၄၀၀ နီးပါးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ အီရန်နိုင်ငံအပါအဝင် အစ္စရေးအပေါ် ရန်လိုတဲ့ တိုင်းပြည်တွေအရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။ ဆွေးနွေးမှုအတွင်း အီရန်ရဲ့ ခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ အဓိက ဆွေးနွေးခဲ့သလို၊ ဂါဇာ၊ လက်ဘနွန်နဲ့ ဆီးရီးယား နိုင်ငံတွေနဲ့ ပတ်သက်တာတွေလည်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။