ဂျော်ဒန်မှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေး စတင်

ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြည်တော်ပြန်ကြမယ့် ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ။ (ဇူလိုင် ၁၈၊ ၂၀၂၀။ ဓာတ်ပုံ - Myanmar Embassy in Israel)

ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြည်တော်ပြန်ကြမယ့် ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ။ (ဇူလိုင် ၁၈၊ ၂၀၂၀။ ဓာတ်ပုံ - Myanmar Embassy in Israel)

(Zawgyi / Unicode)

ဂျော်ဒန်ရောက် မြန်မာအလုပ်သမားတွေကို မြန်မာအစိုးရက ကယ်ဆယ်ရေးလေယာဉ်နဲ့ လာခေါ်လို့ ပထမဆုံးအသုတ် အနေနဲ့ မြန်မာပြည်ပြန်ခွင့် ရသွားကြပြီဖြစ်ပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။

ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြည်တော်ပြန်ကြမယ့် ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ။ (ဇူလိုင် ၁၈၊ ၂၀၂၀။ ဓာတ်ပုံ - Myanmar Embassy in Israel)

ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြည်တော်ပြန်ကြမယ့် ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ။ (ဇူလိုင် ၁၈၊ ၂၀၂၀။ ဓာတ်ပုံ - Myanmar Embassy in Israel)

COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်နေချိန် ဂျော်ဒန်မှာ အလုပ်လက်မဲ့ဖြစ် ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေရပြီး မြန်မာနိုင်ငံကို အမြန်ဆုံး နေရပ်ပြန်လိုတဲ့ ဂျော်ဒန်ရောက် မြန်မာအလုပ်သမားတွေဟာ အစ္စရေးလ်ဆိုင်ရာ မြန်မာသံရုံးရဲ့ စီစဉ်ပေးမှုကြောင့် မြန်မာပြည်က လာခေါ်တဲ့ ကယ်ဆယ်ရေးလေယာဉ် Relief Flight နဲ့ ဇူလိုင်လ ၁၈ ရက်နေ့ စနေနေ့မှာ ပထမဆုံးအသုတ် အိမ်ပြန်သွားနိုင်ကြပြီ ဖြစ်ပါတယ်။

ဂျော်ဒန်နိုင်ငံ အာမန် နိုင်ငံတကာလေဆိပ်ကနေ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း Myanmar Airways International (MAI) ရဲ့ Relief Flight ကယ်ဆယ်ရေးလေယာဉ်နဲ့ ဂျော်ဒန်နိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ဒုက္ခကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ပထမဆုံး ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဒေသစံတော်ချိန် စနေနေ့ နေ့လယ် ၁း၅၀ နာရီကနေ ပထမဆုံးအသုတ်ကို လာရောက်ခေါ်ဆောင်သွားပြီ ဖြစ်တယ်လို့ တဲလ်အဗီးမြို့က အစ္စရေးလ်ဆိုင်ရာ မြန်မာသံရုံးက စနေနေ့က သတင်းထုတ်ပြန်ထားပါတယ်။

SEE ALSO: ဂျော်ဒန်ရောက်မြန်မာတွေ သီတင်း ၂ ပတ်အတွင်းအိမ်ပြန်နိုင်ရေး အစ္စရေးရှိ မြန်မာသံရုံးစီစဉ်နေ

ဇူလိုင် ၁၈ ပထမဆုံး ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ခွင့်ရကြတဲ့ ပြည်တော်ပြန်ခရီးစဉ်မှာတော့ Rich Pine ကုမ္ပဏီက မြန်မာနိုင်ငံသား ၁၃ ဦး၊ Century Miracle စက်ရုံက မြန်မာနိုင်ငံသား ၂၆ ဦးနဲ့ Camel and Vega ကုမ္ပဏီက ၁၀၁ ဦး စုစုပေါင်း ၁၄၀ ဦး ဖြစ်ပါတယ်။ တဦးကတော့ ကျန်းမာရေးအခြေအနေကြောင့် နေခဲ့ရပြီး အစားထိုးတဦး လိုက်ပါသွားနိုင်ခဲ့ပါတယ်လို့ သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒုတိယအကြိမ် လာမယ့်ဇူလိုင်လ ၂၅ ရက်နေ့ ပြန်မယ့် ခရီးစဉ်မှာ ပါဝင်တဲ့ Camel and Vega အထည်ချုပ်စက်ရုံက မပိုပိုက မျှော်လင့်ချက်မဲ့ အတော်လေး ဒုက္ခကြုံနေကြရချိန်ကနေ အခုလို ကိုယ့်နိုင်ငံ ကိုယ်ပြန်ခွင့်ရကြတဲ့အပေါ် ဝမ်းသာနေကြပါတယ်လို့ ပြောပါတယ်။

“အရမ်းကို ဝမ်းသာနေတာ၊ တော်တော်လေးကို ပျော်နေတာ။ အကုန်အဆင်ပြေတယ် ပြောကြတယ်။ သူတို့လည်း ဝမ်းသာစကားတွေ တင်ထားကြတယ်။ သိတယ်ဟုတ်လား။ ပြီးတော့ ကိုယ့်နိုင်ငံက လေယာဉ်ကြီးနဲ့ လာခေါ်တယ်ဆိုတော့လေ။ အကုန်လုံး ပြန်ကြရတာမြင်ရတော့ ပျော်စရာကြီး။ သူတို့ကိုကြည့်ပြီးတော့ ကိုယ်တောင် ဝမ်းနည်းသလိုလို ငိုချင်သလိုလိုဖြစ်ပြီးတော့ ရင်ထဲမှာဆို့ပြီးတော့။ ဒါပေမယ့် ကိုယ်လည်း သိတယ်မဟုတ်လား ကိုယ်လည်း မကြာခင်ပြန်ရတော့မယ်ဆိုတော့ အားမွေးထားရတယ်။

“ပြန်မယ့်သူတွေက တရက်ကြိုပြီး အိတ်တွေ အရင်ဆုံးအပ်ကြ၊ စစ်ဆေးကြတာ။ စက်ရုံကနေ အပြင်ဆောင်ကနေ လာခေါ်သွားတယ် အားခြင်းပဲ။ အပြင်ဆောင်က ၁၈ ယောက်၊ အတွင်းဆောင်ကလည်း များတာကိုး။ သံရုံးဘက်က ညွှန်ကြားချက်အတိုင်း ကယ်ဆယ်ရေးလေယာဉ်ပေါ်တင်ဖို့၊ လေယာဉ်ပေါ်မှာလည်း သံရုံး ညွှန်ကြားချက်အတိုင်း သုံးယောက်တတွဲ သုံးယောက်တတွဲလိုက်တွေ ထိုင်လိုက်သွားကြရတယ်၊ ကိုယ့်မြန်မာလူမျိုးတွေချည်းပဲ ဆိုတော့လေ။ အဆင်ပြေကြလား ရောက်ပြီလို့ ကိုယ်ကမေးတော့ သူတို့ကလည်း အသံမက်ဆေ့ချ်လေးတွေ ပြန်ပို့တယ်။ လေယာဉ်ကွင်းရောက်ပြီ၊ အထုပ်လေးတွေ တင်နေတယ်ပေါ့။ အခုနေ့လယ်တော့ သူတို့ ထွက်သွားကြပါပြီ။ ညီမတို့လည်း အထုပ်အပိုးတွေပြင်ပြီး စောင့်နေကြပါတယ်။”

SEE ALSO: ဂျော်ဒန်က မြန်မာအလုပ်သမားတွေ နေရပ်ပြန်ဖို့ အကူအညီတောင်းခံ

COVID-19 ကမ္ဘာ့ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် ဂျော်ဒန်နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းခွင်တချို့ ရပ်နားလိုက်ရချိန်မှာတော့ ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ် ဒုက္ခရောက်နေကြပြီး မြန်မာပြည်ကို အမြန်ဆုံး ပြန်ခေါ်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုချိန် တရားဝင် သံတမန်ဆက်ဆံရေး မရှိပေမယ့် ဂျော်ဒန်အစိုးရနဲ့ မြန်မာအစိုးရကြား အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ညှိနှိုင်းမှုတွေနဲ့ အခုလို ပထမဆုံးအကြိမ် မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြည်တော်ပြန်ကြမယ့် ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ။ (ဇူလိုင် ၁၈၊ ၂၀၂၀။ ဓာတ်ပုံ - Myanmar Embassy in Israel)


ဇူလိုင်လ ၂၅ ရက်နေ့ ဒုတိယအကြိမ် ကယ်ဆယ်ရေး ခရီးစဉ်မှာတော့ ရင်ခွင်ပိုက်ကလေးငယ်တဦး အပါအဝင် ၁၄၁ ဦးကို လာရောက်ခေါ်ဆောင်မှာဖြစ်ပြီး နောက်ထပ် အရန် မြန်မာနိုင်ငံသား ၃၀ ယောက် လိုက်ခွင့်ရရင် တပါတည်း ခေါ်ဆောင်သွားရေး ပြင်ဆင်ထားဖို့ အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေး အကြောင်းကြားထားပါတယ်။

ဂျော်ဒန်နိုင်ငံကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ကြရမယ့် မြန်မာနိုင်ငံသားများ အနေနဲ့ အနည်းဆုံး ပတ်စ်ပို့ နိုင်ငံကူးလက်မှတ်သက်တမ်း ၆ လ ကျန်ရှိရမှာ ဖြစ်ပါတယ်။ Relief Flight ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ကြရမယ့် မြန်မာတွေဟာ လေယာဉ်ပျံသန်းချိန် တလျှောက်လုံး အစားအသောက် တည်ခင်းချိန်မှအပ Face Mask နှာခေါင်းစည်း တပ်ဆင်ထားရမှာဖြစ်ပြီး လေယာဉ်လက်မှတ်ပြ ပစ္စည်းအပ်ချိန်နဲ့ လေယာဉ်ပေါ် တက်ချိန်တွေမှာ အပူချိန်တိုင်း၊ အဖျားရှိမရှိ စစ်ဆေးပြီး အဖျားမရှိမှ တင်ဆောင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပြန်ရောက်တယ်ဆိုရင် COVID-19 ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ သီးခြားခွဲ စောင့်ကြည့်နေထိုင်ဖို့ ကန့်သတ်နေရာတွေမှာ Community based Facility Quarantine ၂၁ ရက်နဲ့ Home Quarantine ၇ ရက် နေထိုင်ရမယ့် စည်းကမ်းချက်တွေကို ပြည်တော်ပြန် မြန်မာနိုင်ငံသားတွေ အနေနဲ့ တိတိကျကျ လိုက်နာဆောင်ရွက်ပေးဖို့ကိုလည်း အစ္စရေးလ်ဆိုင်ရာ မြန်မာသံရုံးဘက်က တိုက်တွန်းထားပါတယ်။

Your browser doesn’t support HTML5

ဂျော်ဒန်မှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေး စတင်

--------------------------------

(Unicode)




ဂျော်ဒန်ရောက် မြန်မာအလုပ်သမားတွေကို သွားရောက်ခေါ်ဆောင်တဲ့ MAI လေယာဉ်။ (ဇူလိုင် ၁၈၊ ၂၀၂၀။ ဓာတ်ပုံ - Myanmar Embassy in Israel)







SEE ALSO: ဂျော်ဒန်က မြန်မာအလုပ်သမားတွေ နေရပ်ပြန်ရေး အခက်တွေ့နေဆဲ


ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်မယ့် မြန်မာနိုင်ငံသားတဦးကို ကိုယ်အပူချိန် တိုင်းတာစစ်ဆေးနေတဲ့မြင်ကွင်း။ (ဇူလိုင် ၁၈၊ ၂၀၂၀။ ဓာတ်ပုံ - Myanmar Embassy in Israel)



SEE ALSO: ဂျော်ဒန်က အလုပ်လက်မဲ့ မြန်မာအလုပ်သမားတွေ အိမ်ပြန်ဖို့အစီအစဉ် စပြီ

