မြန်မာနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ကန်လွှတ်တော်မူကြမ်း AI ကြိုဆို

ဝါရင့် ဒီမိုကရက် အထက်လွှတ်တော်အမတ် Edward Markey

ဝါရင့် ဒီမိုကရက် အထက်လွှတ်တော်အမတ် Edward Markey

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေ လွတ်မြောက်ရေး NLD အရပ်သားအစိုးရကို ဖိအားပေးဖို့ အမေရိကန် အထက်လွှတ်တော်မှာ ဥပဒေမူကြမ်း တင်သွင်းခဲ့တာကို AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက မနေ့ တနင်္လာနေ့က ကြိုဆိုလိုက်ပါတယ်။

ရီပါပလင်ကန်နဲ့ ဒီမိုကရက်ပါတီနှစ်ခုက အမတ်တွေပူးပေါင်းပြီး မြန်မာနိုင်ငံ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေကို ကူညီရေး ခေါင်းစဉ်နဲ့ ဥပဒေမူကြမ်းကို ဇူလိုင်လ ၁၀ ရက်နေ့က အမေရိကန်အထက်လွှတ်တော်မှာ တင်သွင်းခဲ့တာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

ဝါရင့် ဒီမိုကရက် အထက်လွှတ်တော်အမတ် Edward Markey နဲ့ ရီပါပလင်ကန် အမျိုးသမီး အထက်လွှတ်တော်အမတ် Marsha Blackburn တို့နှစ်ဦး ပူးတွဲပြီး မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ လွတ်မြောက်ရေးအတွက် ထောက်ခံအားပေးတဲ့ ဥပဒေမူကြမ်းကို အထက်လွှတ်တော်မှာ ဇူလိုင်လ ၁၀ ရက်နေ့က တင်သွင်းခဲ့တာပါ။

ဒီဥပဒေမူကြမ်းထဲမှာ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒအတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တန်ဖိုးတွေကို ဥပဒေအဖြစ် စနစ်တကျ စုစည်းထည့်သွင်းဖေါ်ပြဖို့၊ မြန်မာနိုင်ငံမှာ တရားမျှတမှု ရရှိရေးအတွက် စည်းရုံးလှုပ်ရှားရေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့နဲ့၊ ဒီအကျဉ်းသားတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ တိုက်ရိုက် ကူညီပံ့ပိုးဖို့ စတာတွေပါဝင်ပါတယ်။

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဟာ အရင်ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးချိန်မှာ နိုင်ငံရေးအကျဉ်းသားဆိုပြီး ဖမ်းဆီးခံရတာမျိုး လုံးဝမရှိစေရဘူးလို့ ကတိပေးခဲ့ပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရပြီးတဲ့နောက် ပေးထားတဲ့ ကတိအတိုင်း အကောင်အထည်ဖေါ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ ထုတ်ပြန်တဲ့ အမတ်နှစ်ဦးရဲ့ ပူးတွဲကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

AAPP နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်နေ့ နောက်ဆုံးမှတ်တမ်းအရ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၃၅၄ ဦးရှိနေပြီး အဲဒီထဲက ၄၃ ဦးဟာ ထောင်ဒဏ် အပြစ်ပေးခံထားရပြီး၊ ၈၆ ဦးကတော့ အကျဉ်းထောင်တွေထဲကနေ တရားရင်ဆိုင် နေရဆဲဖြစ်ပြီး ကျန်တဲ့ ၂၂၅ ဦးကတော့ အကျဉ်းထောင်ပြင်ပကနေ အမှုစွပ်စွဲချက်တွေကို ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ အမတ်တွေရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။

အမေရိကန်အထက်လွှတ်တော်မှာ ဒီဥပဒေမူကြမ်းတင်သွင်းရတာကလည်း ဧပြီလက အောက်လွှတ်တော်မှာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ဥပဒေမူကြမ်းတင်သွင်းထားတာကို ထောက်ခံတဲ့အနေနဲ့ အထက်လွှတ်တော်အမတ်တွေက ဆက်လက်ဆောင်ရွက်တာဖြစ်ပါတယ်။

အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီရဲ့ အရှေ့အာရှရေးရာ ဆပ်ကော်မတီဝင် လည်းဖြစ်၊ Massachusetts ပြည်နယ် ဒီမိုကရက်အထက်လွှတ်တော်အမတ်ဖြစ်တဲ့ Edward Markey က အခုလို ဥပဒေကြမ်းတင်သွင်းရတာနဲ့ ပတ်သက်လို့ ပြောကြားရမှာ ရိုဟင်ဂျာတွေနဲ့ အခြား တိုင်းရင်းသားလူနည်းစုတွေအပေါ် ဆက်ပြီး ဖိနှိပ်ညှင်းပန်းမှုတွေကို အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာ မိတ်ဖက်တွေက ဆက်လက် အလေးပေးအာရုံစိုက်နေသလို မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်အတွက် ရင်ဆိုင်နေရတဲ့ ကျယ်ပြန့်လှတဲ့ စိန်ခေါ်မှုတွေကိုလည်း မေ့မထားသင့်ဘူးလို့ ဆိုပါတယ်။

အခုလို အမေရိကန်အထက်လွှတ်တော်မှာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသား တွေလွတ်မြောက်ရေး ကိစ္စ ဥပဒေမူကြမ်းတင်သွင်းလာတာကို AI အဖွဲ့ကြီးအနေနဲ့ ကြိုဆိုကြောင်း အဖွဲ့ရဲ့ အာရှ ပစိဖိတ်ဆိုင်ရာ တာဝန်ခံ Francisco Bencosme က ဗွီအိုအေကို ပြောပါတယ်။

“ ဒီဥပဒေမူကြမ်းကို AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အနေနဲ့ အားရကျေနပ်စွာပဲ ထောက်ခံအားပေးပါတယ်။ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ဥပဒေမူကြမ်း ဟာ အရေးကြီးတဲ့ ကိစ္စတခုလို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဥပဒေမူကြမ်းဟာ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခက်အခဲတွေ ကို မီးမှောင်ထိုးပြနေတာဖြစ်ပါတယ်။

ဒီဥပဒေမူကြမ်းကြောင့်လည်း မြန်မာနိုင်ငံမှာ အများပြည်သူရှေ့ ထုတ်ဖေါ်ဆန္ဒပြ၊ ဟောပြောတဲ့ အတွက် အပြစ်ပေးအရေးယူခံရတဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေ အပေါ် မှန်ကန်တဲ့ အာရုံစိုက်မှု ရအောင်လုပ်နိုင်မယ်လို့ ယုံကြည်ကြောင်း Francisco Bencosme က ဆိုပါတယ်။

“ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေအတွက် ဦးတည်ရေးဆွဲထားတဲ့ ဒီဥပဒေမူကြမ်းဟာ မြန်မာလူမှုအဖွဲ့အစည်းကို အမေရိကန်ပြည်ထောင်စုက အကူအညီပေးရာမှာ အတိုင်းအတာ ပိုပြီး ကျယ်ပြန့်စေပါတယ်။

လက်ရှိ သမ္မတ Donald Trump ဦးဆောင်တဲ့ အမေရိကန်အစိုးရရဲ့ လက်ရှိ မြန်မာ့အရေးဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ AI အဖွဲ့ကြီးအနေနဲ့ စိတ်ပျက်မိကြောင်း Francisco Bencosme ကဆိုပါတယ်။

“အမေရိကန်အစိုးရအဖွဲ့ အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ အများအာရုံစိုက်အောင် လုပ်ဆောင်ဖို့ လိုနေပါတယ်။ အထူးသဖြင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာရေးအချက်အပေါ်မှာ အလေးထားဖို့ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဒဏ်ခတ်ပိတ်ဆို့အရေးယူတာ လက်နက်ရောင်းဝယ်ရေး ပိတ်ပင်တာ ၊ လူ့အခွင့်အရေးလှုပ်ရှားသူနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေကို ဖိနှိပ်မှုမှာ တာဝန်ရှိသူတွေကို ပိတ်ဆို့အရေးယူတာ စတာတွေကို လုပ်ဆောင်ဖို့ ကျနော်တို့ အမေရိကန်အစိုးရကို တောင်းဆိုနေတာဖြစ်ပါတယ်။”

Tennessee ပြည်နယ်ရဲ့ ရီပါပလင်ကန် အမျိုးသမီး အထက်လွှတ်တော်အမတ် Blackburn ကလည်း မြန်မာပြည်သူတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုဒဏ်ကို အချိန်ကြာမြင့်စွာ ကတည်းက ခံစားလာခဲ့ရတာ ဖြစ်ပြီး လွတ်လပ်စွာ ဟောပြောခွင့်၊ သတင်းလွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းစွာစုဝေးခွင့် တွေအပေါ်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြတ်ပြတ်သားသားရပ်တည်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

Burma Political Prisoners Assistance Act လို့ အမည်ပေးထားတဲ့ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီရဲ့ အာရှ ပစိဖိတ်နဲ့ နျူကလီးယား မပြန့်ပွားရေး ဆပ်ကော်မတီ ဝင်တွေဖြစ်တဲ့ Michigan ပြည်နယ် ဒီမိုကရက် အောက်လွှတ်တော်အမတ် Andy Levin နဲ့ Missouri ပြည်နယ် ရီပါပလင်ကန် အမျိုးသမီး အောက်လွှတ်တော်အမတ် Ann Wagner တို့က ဧပြီလ (၁၉)ရက်နေ့က တင်သွင်းခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ကန်လွှတ်တော်မူကြမ်း AI ကြိုဆို