အမျိုးသားလုံခြုံရေးအကြံပေး ကန်ကုလသံအမတ်ကြီးနဲ့ ရခိုင်အရေးဆွေးနွေး

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley နဲ့ မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်း တို့ တွေ့ဆုံ (Nikki Haley twitter)

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley နဲ့ မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်း တို့ တွေ့ဆုံ (Nikki Haley twitter)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်း တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ၊ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ဆိုးရွားလှတဲ့ အကျပ်အတည်း ပြဿနာကြီးကို ရှေ့ဆက်ဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့ကြောင်းလည်း အမေရိကန်သံအမတ်ကြီး Nikki Haley က Twitter လူမှုကွန်ယက်မှာ ဖော်ပြခဲ့တာပါ။

ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည် သန်းဝက်ကျော် ထွက်ပြေးနေရတဲ့အထိ အခြေအနေတွေ ဆိုးရွားလာနေတဲ့အပေါ် ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာက စိုးရိမ်မှုတွေ ဆက်လက်ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ နိုင်ငံရေးရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Jeffrey Feltman ဟာလည်း မနက်ဖြန် သောကြာနေ့ကနေ၊ ရှေ့သီတင်းပတ် အင်္ဂါနေ့အထိ မြန်မာနိုင်ငံကို သွားရောက်မယ့် အကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန် ထားပါတယ်။

စစ်ဆင်ရေးတွေ ရပ်စဲဖို့၊ လူသားချင်း စာနာမှု အကူအညီတွေ လွတ်လွတ်လပ်လပ် ပေးအပ်နိုင်ရေး ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ ကိုယ့်သဘောဆန္ဒအတိုင်း နေရပ်ပြန်နိုင်ရေး အတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်တွေကို အာရုံစိုက် ဆွေးနွေးမှာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ လူထုကို ပြောကြားတဲ့ မိန့်ခွန်းမှာတော့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ရေး၊ ပြန်လည်နေရာချထားရေးနဲ့ ထူထောင်ရေး ကိစ္စတွေကို အကောင်အထည်ဖော်ဖို့ အစိုးရက စီစဉ်နေတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

အမျိုးသားလုံခြုံရေးအကြံပေး ကန်ကုလသံအမတ်ကြီးနဲ့ ရခိုင်အရေးဆွေးနွေး