အကြမ်းဖက်တိုက်ဖျက်ရေး ဆော်ဒီ နှင့် အိန္ဒိယ ပူးပေါင်းဆောင်ရွက်မည်

 အိန္ဒိယဝန်ကြီးချုပ် Narendra Modi အိန္ဒိယနိုင်ငံ နယူးဒေလီလေဆိပ်သို့ ရောက်ရှိစဉ် ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman က ပွေ့ဖက်ပုံ (ဖေဖော်ဝါရီ၊ ၁၉၊ ၂၀၁၉)

အိန္ဒိယဝန်ကြီးချုပ် Narendra Modi အိန္ဒိယနိုင်ငံ နယူးဒေလီလေဆိပ်သို့ ရောက်ရှိစဉ် ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman က ပွေ့ဖက်ပုံ (ဖေဖော်ဝါရီ၊ ၁၉၊ ၂၀၁၉)

အကြမ်းဖက်ဝါဒဟာ အားလုံးအတွက် စိုးရိမ်စရာ ကိစ္စတခုဖြစ်နေရပြီး၊ အကြမ်းဖက်ဝါဒီတွေကို တိုက်ဖျက်ရေး အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း နယူးဒေလီမြို့တော်မှာ ရောက်နေတဲ့ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman က ပြောဆိုလိုက်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဒေါ်လာဘီလီယံ ၁၀၀ လောက် ရင်းနှီးမြှုပ်နှံနိုင်မယ့် အခွင့်အလမ်းတွေ ရှိနေကြောင်းလည်း ပြောဆိုခဲ့တာပါ။ အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အိမ်နီးချင်း ပါကစ္စတန်နိုင်ငံနဲ့ တင်းမာမှုတွေ ကြီးထွားနေချိန်မှာပဲ ဆော်ဒီအိမ်ရှေ့မင်းသား အိန္ဒိယနိုင်ငံ အလည်အပတ် ရောက်လာတာလည်း ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံကို သွားရောက်ပြီး ၂ ရက်အကြာ အိန္ဒိယနိုင်ငံကို ရောက်လာတဲ့ ဆော်ဒီအိမ်ရှေ့မင်းသားကတော့ အိန္ဒိယတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တစုံတရာ မှတ်ချက်ပေးခဲ့တာ မရှိပေမဲ့လည်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ ထောက်လှမ်းရေးသတင်းတွေ ဖလှယ်တာ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်တာလို အိန္ဒိယနိုင်ငံနဲ့ လက်တွဲကြိုးပမ်းဖို့ အသင့်ရှိနေကြောင်းလည်း အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။ အိန္ဒိယဝန်ကြီးချုပ် ကတော့ ကက်ရှ်မီးယားဒေသက တိုက်ခိုက်မှုကို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်အဖြစ် ရည်ညွှန်းပြောဆိုခဲ့ပြီး၊ အကြမ်းဖက်ဝါဒီတွေကို အားပေးနေတဲ့ တိုင်းပြည်တွေကို တိုးမြှင့်ဖိအားပေးဖို့ အလွန်အမင်း အရေးကြီးကြောင်း ၂ ဘက်အကြား သဘောတူခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ အကြမ်းဖက်ဝါဒီတွေရဲ့ အခြေခံအဆောက်အအုံတွေ၊ အကြမ်းဖက်သမားတွေနဲ့ ထောက်ခံသူတွေကို နှိမ်နင်းဖို့ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ ကက်ရှ်မီးယားဒေသက တိုက်ခိုက်မှု ကျုးလွန်သူတွေကို ခိုလှုံခွင့်ပေးထားတယ်လို့ အိန္ဒိယနိုင်ငံက စွပ်စွဲထားတဲ့ ပါကစ္စတန်အပေါ် သံတမန်ရေးအရ ဖိအားပေးနိုင်ဖို့လည်း အိန္ဒိယက အရှိန်မြှင့် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အကြမ်းဖက်တိုက်ဖျက်ရေး ဆော်ဒီ နှင့် အိန္ဒိယ ပူးပေါင်းဆောင်ရွက်မည်