ဦးစည်သူအောင်မြင့်နဲ့ မထက်ထက်ခိုင်တို့ ဗဟန်းရဲစခန်းမှာ ချုပ်နှောင်ခံထားရ

ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့် (ဓာတ်ပုံ - Official Publication)

ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့် (ဓာတ်ပုံ - Official Publication)

(Zawgyi/Unicode)

ဗွီအိုအေမြန်မာပိုင်းရဲ့ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်နဲ့ BBC Media Action ရဲ့ ခံစားကြည့် အစီအစဉ် တင်ဆက်သူ မထက်ထက်ခိုင်တို့ကို ဗဟန်းရဲစခန်းမှာ ချုပ်ရက်ရမန်ယူထားတယ်လို့ ရှေ့နေတွေကပြောပါတယ်။ မိသားစုဝင်တွေနဲ့တော့ ခုချိန်ထိ တွေ့ခွင့်မရသေးပါဘူး။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးကပြောပြပါမယ်။

ဗဟန်းမြို့နယ်၊ ရွှေဂုံရိပ်မွန်အိမ်ယာ တိုက်ခန်းတခုကနေ သြဂုတ်လ ၁၅ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ဦးစည်သူအောင်မြင့်နဲ့ BBC Media Action ရဲ့ မထက်ထက်ခိုင်တို့ ဘယ်ရောက်နေတယ်ဆိုတာ အစောပိုင်းက မသိခဲ့ရဘဲ ဒီကနေ့မှသာ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်မြင့်ရဲ့ ပြောဆိုချက်အရ သိခဲ့ရတာဖြစ်ပါတယ်။

"ဦးစည်သူအောင်မြင့်ကော နှစ်ယောက်လုံးကတော့ စစ်ကြောရေးကနေ ဗဟန်းမြို့မရဲစခန်းကို ရောက်နေတယ်လို့ သိရပါတယ်။ ဗဟန်းရဲစခန်းမှာ စစ်ဆေးပြီး အမှုတည်ဆောက်နေတယ်။ အမှုစစ်ဆေးနေဆဲကာလဖြစ်တဲ့အတွက် ချုပ်ရမန် ၁၅ရက်တော့ ယူထားပါတယ်။ နောက် ၅၀၅ (က) နဲ့ ဆွဲထားတာဖြစ်လို့ နောက်အထက်အဖွဲ့အစည်းကလည်း ညွှန်ကြားထားလို့ လူတွေ့ဆုံခွင့်တော့ မရသေးပါဘူး။ မထက်ထက်ခိုင် အဝတ်အစားတို့ အစားအသောက်တို့ကိုတော့ တာဝန်ကျ လုံခြုံရေးရဲဘော်ကတဆင့် ပေးလို့ရပါတယ်။ ကိုဗစ်ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပြင်ပလူနဲ့ကော ရှေ့နေအပါအဝင် ဘယ်သူနဲ့မှ တွေ့ခွင့်မပေးဘူး။ ချုပ်ရမန်ပြီးရင် ရုံးတင်ရင်တော့ ရှေ့နေပါဝါယူဖို့၊ တွေ့ဖို့ ဆောင်ရွက်ရမယ် သိထားပါတယ်။"

ဗွီအိုအေမြန်မာပိုင်းရဲ့ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း VOA သတင်းဌာနနဲ့ Frontier Myanmar သတင်းဌာနတွေကို တပ်မတော်နဲ့ အိမ်စောင့်အစိုးရအပေါ် မတရား ဝေဖန်ဆန့်ကျင်တိုက်ခိုက်တဲ့ သတင်းဆောင်းပါးတွေ ရေးသားပေးပို့တဲ့အတွက် ဖမ်းဆီး ထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ စစ်ကောင်စီက မကြာသေးခင်ကပဲ သတင်း ထုတ်ပြန်ထားပါတယ်။
မိသားစုဝင်တွေ သူတို့နဲ့တွေ့ခွင့်ရရေးနဲ့ လက်ရှိ သူတို့အခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးတာမှာတော့ သူတို့ကို ဖမ်းဆီးထားတဲ့နေရာကို အတိအကျ မသိကြောင်းနဲ့ နှစ်ဦးစလုံးကို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆက်လက်လုပ်ဆောင်မယ်လို့ ဖြေကြားခဲ့ပါတယ်။

"အဲဒါတော့ပြည်တဲရေးမေးမှသိမယ်ဗျ။ ကျနော်လည်းမသိဘူး။ ထိန်းသိမ်းထားတာတော့ ထိန်းသိမ်းထားတာဘဲ။ ကျနော်ပြောနိုင်တာကတော့ ဥပဒေနဲ့အညီ ဆက်လုပ်မယ်လို့ ကျနော် ပြောနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ အရင်ကလည်း ၅၀၅ နဲ့ပေါ့နော်၊ ကျနော်တို့ ထုတ်ပြန်တဲ့အထဲပါပါတယ်။ ကျနော်တို့ထုတ်ပြန်ထားတဲ့အထဲပါပါတယ်။ ဘာတွေနဲ့ တရားစွဲထားလဲဆိုတာပါပါတယ်။ မိသားစုနဲ့တွေ့ဆုံရေး ဘာညာကတော့ လုပ်ထုံးလုပ်နည်းနဲ့အရကတော့ ပြစ်ဒဏ်ချမှတ်ပြီး၊ ဒါမှမဟုတ် တရားရုံးထုတ်တဲ့အခါတို့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းဖြစ်လာပါလိမ့်မယ်။"

ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကတော့ ဗွီအိုအေအတွက် ဦးစည်သူအောင်မြင့် ရေးသားပေးပို့တဲ့ သတင်းဆောင်းပါးတွေဟာ အချက်အလက်အခြေခံ ရေးသားထားတာတွေပဲဖြစ်ပြီး ဗွီအိုအေကို သတင်းဆောင်းပါး ရေးသားပေးပို့လို့ ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းတယ်ဆိုရင်တော့ သတင်းသမားတယောက်ကို မတရားဖမ်းဆီးတာပဲဖြစ်တဲ့အကြောင်း၊ မှန်မှန်ကန်ကန် ထောက်ပြရေးသားနေတဲ့ သတင်းသမားတွေကနေတဆင့် စစ်ကောင်စီအနေနဲ့ ပြည်သူတွေကြားကအသံကို သိအောင် နားထောင်ဖို့ဆိုတာ လိုအပ်လိမ့်မယ်လို့ အာဏာပိုင်တွေကိုပြောခဲ့ပြီး ဦးစည်သူအောင်မြင့်ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းမီဒီယာ ၈ ခုကို ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သလို သတင်းသမားတွေကို ဖမ်းဆီးတာ၊ တရားစွဲဆိုတာတွေ လုပ်နေတာပါတယ်။
ခုချိန်ထိဆိုရင် သတင်းသမား အယောက် ၅၀ ထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အခုလို နောက်ထပ် ဖမ်းဆီးတာတွေလည်း ဆက်ရှိနေဆဲဖြစ်ပါတယ်။

......................................................................................

Your browser doesn’t support HTML5

ဦးစည်သူအောင်မြင့်နဲ့ မထက်ထက်ခိုင်တို့ ဗဟန်းရဲစခန်းမှာ ချုပ်နှောင်ခံထားရ



(Unicode)






