ဂျာမဏီဝန်ကြီးချုပ် Angela Merkel ဟာ လာမယ့် အင်္ဂါနေ့မှာ အမေရိကန် ပြည်ထောင်စုကို လာရောက်မှာ ဖြစ်ပြီး သူ သမ္မတ အိမ်ဖြူကို လာရောက်ချိန်မှာ သူ့ရဲ့ ရုရှားသမ္မတ Vladimir Putin ပတ်သက်တဲ့ သဘောထား အတွေ့အကြုံဆိုင်ရာတွေကို မေးမြန်းဖို့ သမ္မတ Donald Trump က ပြင်ဆင်နေပါတယ်။ သမ္မတ Trump က ရုရှားခေါင်းဆောင်နဲ့ ထိတွေ့ဆက်ဆံရေးအတွက် ပြင်ဆင်မှုတွေ လုပ်နေချိန်မှာ ဂျာမဏီ ဝန်ကြီးချုပ် Merkel ရဲ့ ရုရှားခေါင်းဆောင် အပေါ် အမြင် သဘောထားတွေကို သိရဖို့ သိပ်စိတ်အား ထက်သန်နေတယ်လို့ Trump အစိုးရအဖွဲ့ အကြီးတန်း အရာရှိကြီး တဦးက သောကြာနေ့မှာ ပြောပါတယ်။
ရုရှားသမ္မတ Putin နဲ့ ပတ်သက်လာရင် အထူးသဖြင့် အမေရိကန်ရဲ့ ၂၀၁၆ ရွေးကောက်ပွဲကို ရုရှားက သြဇာလွှမ်းဖို့ ကြိုးစားမှု တွေနဲ့ ပတ်သက်ပြီး သမ္မတ Trump ရဲ့ ရိုးရှင်းလှတဲ့ သဘောထား အပေါ် အတ္တလန္တိတ် သမုဒ္ဒရာ တဖက်တချက်က နိုင်ငံတွေ အားလုံးက အကဲခတ်တွေက သံသယရှိနေကြတာပါ။
ဒါပေမယ့် သမ္မတ Trump ဟာ သူနဲ့ ဂျာမဏီခေါင်းဆောင် တို့ကြား အရင်က လူသိရှင်ကြား သဘောထား ကွဲလွဲမှုတွေကို အသာထားပြီး ကုန်သွယ်ရေးလို ကိစ္စရပ်တွေကနေ ယူကရိန်းကို ကျူးကျော်ဝင်ရောက်တဲ့ ရုရှားရဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေလို ကိစ္စရပ်တွေ အဆုံး ပြဿနာရပ် တွေမှာ ခိုင်မာတဲ့ ဘုံသဘောထား ရအောင် လုပ်ဆောင်ချင်တဲ့ ဆန္ဒရှိတယ်လို့ မတ်လ ၁၄ ရက် လာမယ့် အင်္ဂါနေ့ ခေါင်းဆောင် ၂ ဦးတို့ရဲ့ တွေ့ဆုံပွဲအကြို အဖြစ် တာဝန်ရှိသူ ၄ ဦးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
သမ္မတ Trump က ဂျာမဏီဝန်ကြီးချုပ် Merkel ဟာ ဒုက္ခသည် အများအပြားကို လက်ခံတဲ့ မူဝါဒကို ကျင့်သုံးပြီး ဂျာမဏီနိုင်ငံကို ဖျက်ဆီးနေတယ်လို့ သူ့ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး ကာလတုန်းက စွပ်စွဲပြောဆိုခဲ့တာဖြစ်ပါတယ်။ အရင်သမ္မတ Barack Obama နဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ရှိခဲ့တဲ့ ဝန်ကြီးချုပ် Merkel ကလည်း Trump ရဲ့ ခရီးသွားခွင့် ပိတ်ပင်တဲ့ယာယီ အမိန့်ဟာ တရားမျှတမှု မရှိဘူးလို့ ဝေဖန်ခဲ့တာပါ။
Your browser doesn’t support HTML5
Donald Trump နဲ့ Angela Merkel ဘာဆွေးနွေးကြမလဲ