လာအိုနိုင်ငံကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ကိုင်ဆောင်ထားတဲ့ နေထိုင်ခွင့်စာအုပ် နေရာမှာ စမတ်ကတ်တွေနဲ့ ရွှေတြိဂံအုပ်ချုပ်ရေးဌာနက မကြာခင်မှာ အစားထိုးပေးသွားဖို့ ရှိနေပါတယ်။ လာအိုနိုင်ငံမှာ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းရှင်းလင်းနေတဲ့ တချိန်တည်းမှာ နိုင်ငံခြားသား ရွေ့ပြောင်းအလုပ်သမားတွေနဲ့ လုပ်ငန်းတွေနဲ့ မှတ်တမ်းအချက်အလက်တွေကို လာအိုအစိုးရက ပိုပြီး စီစစ်လာတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
တရုတ်နှစ်သစ်ကူး ပြီးတာနဲ့ လာအိုမှာရှိတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ဒီဂျစ်တယ်နည်းနဲ့ အချက်အလက်တွေ သိမ်းဆည်းထားတဲ့ စမတ်ကတ်တွေ ပြောင်းလဲထုတ်ပေးဖို့ လာအို ရွှေတြိဂံဒေသ အုပ်ချုပ်ရေးပိုင်းက ပြင်ဆင်နေတယ်လို့ လာအိုရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။ အရင်က သူတို့ထုတ်ပေးထားတဲ့ ယာယီနေထိုင်ခွင့်နေရာမှာ အစားထိုးဖို့ ဖြစ်ပါတယ်။ ဒါက ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းတာနဲ့ ဆက်စပ်နိုင်တယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတချို့က သုံးသပ်ပါတယ်။
လာအို ရွှေတြိဂံဒေသက ရာနဲ့ချီတဲ့ ဆက်သွယ်ရေးနဲ့ အွန်လိုင်းငွေကြေး လိမ်လည်သူတွေကို လာအိုအစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဖမ်းဆီးခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၆ နိုင်ငံက လူတွေကို ဖမ်းဆီးခဲ့တယ်လို့ ကြေညာခဲ့တာကြောင့် မြန်မာနိုင်ငံသားတွေ တချို့လည်း ပါနိုင်တယ်လို့ လာအိုရောက် မြန်မာတွေက ခန့်မှန်းပါတယ်။ အခု စမတ်ကတ်တွေ ပြောင်းမယ့် အစီအစဉ်ကလည်း ဒီကျားဖြန့် နှိမ်နင်းရေးနဲ့ ဆက်စပ်နိုင်တယ်လို့ လာအိုရောက် မြန်မာနိုင်ငံသားတဦးက ဗွီအိုအေကို ပြောပါတယ်။
"တချို့တလေက ကျားဖြန့်မှာလုပ်တယ်ဆိုတော့ သူတို့က သူတို့သူဌေးအပေါ်မှာ မူတည်ပြီးတော့ အခြေအနေ မဟန်တာတွေရှိတယ်။ သူတို့ အဲလိုမျိုးနေရာမှာ သူတို့ဝင်စီးတဲ့နေရာတွေ ရှိချင်လည်း ရှိမှာပေါ့။ အခုလည်း အပြောင်းအလဲ ဖြစ်မယ်လို့ထင်တယ်၊ ဗီဇာတွေ အပြောင်းအလဲဖြစ်မယ် ကြားတယ်။ ဒီမှာက ယာယီနေထိုင်ခွင့် အရင်တုန်းကဟာက အရင်က စာအုပ်ကိုင်ရတယ်ပေါ့။ အခုက စမတ်ကတ်လိုပုံစံမျိုး ပေးမယ်ကြားတယ်။ တရုတ်ရယ်၊ လာအိုရယ် ပေါင်းပြီးတော့ မြန်မာနိုင်ငံသားတွေကို သူတို့နားလည်မှုနဲ့ ထုတ်ပေးထားတဲ့ဟာတွေပေါ့။ ဒီလထဲမှာက တရုတ်နှစ်သစ်ကူးရှိတယ် ဆိုတော့ သူတို့လည်း အကောင်အထည် ဖော်မယ်ဆိုရင် နှစ်သစ်ကူးအလွန်မှပဲ အကောင်အထည် ဖော်လောက်မယ်။"
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်ကလည်း တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီယားနိုင်ငံတွေက အရာရှိတွေ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာတွေ့ဆုံပြီး လန်ချန်း-မဲခေါင်ဒေသက တရားဥပဒေ စိုးမိုးရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ပူးပေါင်းနှိမ်နင်းဖို့ သဘောတူခဲ့ကြတာပါ။ စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက် လာအိုနိုင်ငံမှာ တရားမဝင် အလုပ်သွားလုပ်တဲ့ မြန်မာတွေ ပိုပြီး များလာပါတယ်။ ကျားဖြန့်လုပ်ငန်းတွေမှာ လုပ်နေသူတွေ ရှိနိုင်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။ အများစုက ရွှေတြိဂံဒေသထဲမှာ ရရာအလုပ်ကို လုပ်ကြကြောင်း မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။
"များသောအားဖြင့်တော့ တရားဝင်ရှိသလို၊ တရားမဝင်လည်း ရှိတယ်။ ကျနော်တို့က များသောအားဖြင့် ဥပမာ ကယ်ရီလိုက်တာပဲ ဖြစ်ဖြစ်၊ အရောင်းအဝယ်ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အခြား နေ့စားသမားတို့ အဲလိုလူတွေက အနည်းအကျဉ်းပဲရှိမယ်။ များသောအားဖြင့်က ဆောက်လုပ်ရေးအပိုင်းမှာ ကျနော်တို့ တရုတ်ပိုင် ကုမ္ပဏီတွေမှာလုပ်တာ များတယ်။"
တရုတ်အစိုးရဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဖမ်းဆီးပေးဖို့အတွက် အိမ်နီးချင်း ထိုင်း၊ လာအိုနဲ့ မြန်မာနိုင်ငံကို ပိုပြီး ဖိအားပေးနေတယ်လို့ သတင်းတွေက ရေးသားပါတယ်။ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံလည်း အခုရက်ထဲမှာ ဒီကိစ္စတွေကို နီးနီးကပ်ကပ် ဆွေးနွေးနေပုံရတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ မြန်မာစစ်ကောင်စီကတော့ သူတို့ တရုတ်ကို လွှဲပြောင်းပေးခဲ့တဲ့ အွန်လိုင်းရာဇဝတ်သား ၅၀,၀၀၀ ကျော်ရှိတယ်လို့ အခုလ ၂၁ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းကတော့ မြန်မာနဲ့ကပ်နေတဲ့ နယ်စပ်မှာ လူကုန်ကူးမှုတွေ၊ အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေကို ရှင်းလင်းဖို့ လုံခြုံရေးကို အထူး တင်းကြပ်ပြီး လူနေအိမ်တွေအထိ လိုက်လံစစ်ဆေးနေပါတယ်။
ဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေရဲ့ အစီရင်ခံစာအရ ထောင်နဲ့ချီတဲ့ အာရှနိုင်ငံသားတွေ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေမှာ ခိုင်းစေခံနေရပြီး အများစုဟာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက ရာဇဝတ်ဂိုဏ်းတွေလက်ထဲမှာ ဖမ်းဆီးခိုင်းစေခံနေရတဲ့အကြောင်း ပြောဆိုထားပါတယ်။
Your browser doesn’t support HTML5
ရွှေတြိဂံဒေသရောက် မြန်မာအလုပ်သမားတွေနေထိုင်ခွင့်စာအုပ်ကို စမတ်ကတ်နဲ့ အစားထိုးမည်