မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-Un ရဲ့ အဖေတူ အမေကွဲ အကိုတော်စပ်သူ Kim Jong Nam အသတ်ခံရတဲ့ကိစ္စနဲ့ ဆက်စပ်ပြီး အမျိုးသမီးတဦးကို ဖမ်းဆီးထားတယ် လို့ မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။
ကွာလာလမ်ပူနိုင်ငံတကာလေဆိပ်မှာ ဒီကနေ့မနက်ပိုင်းက ဖမ်းလိုက်တဲ့ အမျိုးသမီးဟာ Doan Thi Huong ဆိုတဲ့အမည်နဲ့ ခရီးသွားအထောက်အထားတွေ ကိုင်ထားတယ်လို့ မလေးရှားရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။
Kim Jong Nam အသတ်ခံရမှု မလေးရှားရဲတပ်ဖွဲ့ ထုတ်ပြန်ချက် ( Royal Malaysia Police)
အစောပိုင်းက ထွက်ထားတဲ့ မလေးရှားအစိုးရအာဘော် Bernama သတင်းဌာနရဲ့ အွန်လိုင်းသတင်းတပုဒ်မှာတော့ မလေးရှားရဲတပ်ဖွဲ့ကိုပဲ ကိုးကားပြီး အဖမ်းခံထားရသူဟာ မြန်မာအမျိုးသမီးဖြစ်တယ်လို့ ဖော်ပြခဲ့ပါသေးတယ်။ ဒါနဲ့ပတ်သက်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မလေးရှားတာဝန်ရှိသူတွေကို အတည်ပြုပေးဖို့ အကြောင်းကြားခဲ့ပြီးတဲ့နောက် ထွက်လာတဲ့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန် ချက်မှာမှ ဗီယက်နမ်အမျိုးသမီးအဖြစ် ဖော်ပြတာပါ။
CCTV ကင်မရာမှတ်တမ်းတွေအရ အဲဒီအမျိုးသမီးကို သိရှိဖမ်းဆီးနိုင်တာဖြစ်ပြီး အဖမ်းခံရချိန်မှာ သူတဦးတည်းရှိနေခဲ့တယ်လို့ ရဲ တပ်ဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အသတ်ခံရသူဟာ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အဖေတူ အမေကွဲအကို Kim Jong Nam ဖြစ်တယ်ဆိုတာကို တောင်ကိုရီးယားက ဒီကနေ့ အတည်ပြုပါတယ်။ သူဟာ တချိန်တုန်းကတော့ နိုင်ငံအကြီးအကဲဖြစ်မယ့်အလားအလာ ရှိသူအဖြစ် သတ်မှတ်ခံခဲ့ရဖူး သူဖြစ်ပါတယ်။
Your browser doesn’t support HTML5
Kim Jong Nam အသတ်ခံရမှု သံသယရှိသူအမျိုးသမီးတဦး ဖမ်းဆီးထား
Your browser doesn’t support HTML5
မြောက်ကိုရီးယားလုပ်ကြံမှုအတွက် မသင်္ကာသူအမျိုးသမီးတဦးကိုဖမ်းဆီး