ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်ကို နိုင်ငံတော်သစ္စာဖေါက်မှုနဲ့ ဖမ်းဆီး

အတိုက်အခံ CNRP ပါတီဥက္ကဌ Kem Sokha

အတိုက်အခံ CNRP ပါတီဥက္ကဌ Kem Sokha

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Kem Sokha ကို နိုင်ငံတော်သစ္စာဖေါက်မှု စွပ်စွဲချက်နဲ့ တနင်္ဂနွေနေ့ အစောပိုင်းက ဖနွမ်ပင်မြို့မှာ ဖမ်းဆီးလိုက်တယ်လို့ ဝါရင့်ဝန်ကြီးချုပ် Hun Sen ဟွန်ဆန်က ပြောပါတယ်။

ကမ္ဘောဒီယားအစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ Kem Sokha နဲ့အတူ အခြားပုဂ္ဂိုလ်တွေ နိုင်ငံခြားသားတွေ ပူးပေါင်းပြီး၊ ကမ္ဘောဒီးယား ဘုရင့်နိုင်ငံတော်ကို အန္တရာယ်ပြုမယ့် လျှို့ဝှက်ပူးပေါင်းကြံစည်မှုအတွက် ဗွီဒီယိုမှတ်တမ်းနဲ့ သက်သေအထောက်အထားတွေ ရထားကြောင်း၊ ဒီလုပ်ရပ်တွေဟာ နိုင်ငံတော်သစ္စာဖေါက်မှုပဲ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ လာမယ့်နှစ်ထဲ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ရှိပြီး၊ အနှစ်(၃၀) ကျော်အုပ်ချုပ်လာတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ကို အတိုက်အခံနိုင်ငံရေးပါတီက စိန်ခေါ်နိုင်လောက်တဲ့ အခြေအနေမှာ တိုင်းပြည်ထဲ တင်းမာမှုတွေ ပိုတိုးလာနေပါတယ်။ Kem Sokha ရဲ့ သမီးဖြစ်သူ Monovithya Kem ဟာ Cambodia National Rescue (CNRP)ပါတီရဲ့ အရာရှိတဦးဖြစ်ပြီး Kem Sokha နဲ့ သူ့လုံခြုံရေးအစောင့်တွေကို ဖမ်းဆီးသွားကြောင်း သူမရဲ့ Twitter စာမျက်နှာမှာ ရေးပါတယ်။

သူတို့ကို ဖမ်းဝရမ်းမပါပဲ လက်ထိပ်ခတ်ပြီး မြို့တော်ခမ်းမမှာ ရဲက ထိန်းသိမ်းထားကြောင်း၊ Kem Sokha အိမ်ကို ရဲအင်အား ၁၀၀ ကျော် ၂၀၀ လောက်နဲ့ ဝင်ရောက်စီးနင်းခဲ့ကြောင်း သမီးဖြစ်သူက ပြောပါတယ်။ အစိုးရလိုလားတဲ့ ဝက်ဘ်ဆိုဒ်တခုကတော့ Kem Sokha ဟာ အမေရိကန်ရဲ့ အကူအညီနဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ကို ဖြုတ်ချဖို့ဆိုပြီး ဆွေးနွေးနေတဲ့ ဗွီဒီယိုမှတ်တမ်းကို သူတို့ရထားကြောင်း ရေးပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ဟာ တချိန်က ခမာနီတပ်မှူးဟောင်း တဦးဖြစ်ပြီး၊ ဒေသတွင်းမှာ တရုတ်ရဲ့ အနီးကပ်ဆုံး မဟာမိတ်ဖြစ်လာကာ အမေရိကန် အစိုးရကို ပြောဆို တိုက်ခိုက်မှုတွေ လုပ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့လထဲမှာ မီဒီယာတွေပေါ် သူ့ရဲ့တိုက်ခိုက်မှု ပိုတိုးလာပြီး၊ ရေဒီယို အသံလွှင့်ရုံ တချို့နဲ့ လွတ်လပ်တဲ့ သတင်းစာတွေကို ဟွန်ဆန်က ရပ်ဆိုင်း ပစ်ခဲ့ပါတယ်။ အဲဒီထဲမှာ ရက်ပိုင်းအတွင်း အခွန် ဒေါ်လာ(၆)သန်း မပေးဆောင်ဘူးဆိုရင် Cambodia Daily သတင်းစာကို ပိတ်ပစ် မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

Your browser doesn’t support HTML5

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်ကို နိုင်ငံတော်သစ္စာဖေါက်မှုနဲ့ ဖမ်းဆီး