အစ္စရေးတိုက်ခိုက်မှုကြောင့် ဟက်ဇဘိုလာအကြီးတန်းတပ်မှူးတဦးသေဆုံးကြောင်း ကြေညာ

အစ္စရေးတို့တိုက်ခိုက်မှုအတွင်း Tyre မြို့နားမှာသေဆုံးသွားတဲ့ ဟက်ဇ်ဘိုလာအကြီးတမ်းတပ်မှူး Mohammad Naamah Nasser (ဇူလိုင် ၃၊ ၂၀၂၄)

အစ္စရေးတို့တိုက်ခိုက်မှုအတွင်း Tyre မြို့နားမှာသေဆုံးသွားတဲ့ ဟက်ဇ်ဘိုလာအကြီးတမ်းတပ်မှူး Mohammad Naamah Nasser (ဇူလိုင် ၃၊ ၂၀၂၄)

အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက်ဟက်ဇ်ဘိုလာအဖွဲ့တို့ကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဟက်ဇ်ဘိုလာ အကြီးတန်းတပ်မှူးတဦး သေဆုံးခဲ့တယ်လို့ ဟက်ဇ်ဘိုလာက ပြောပါတယ်။ တပ်မှူး မိုဟာမက် နာမာ နာဆာ (Mohammad Naamah Nasser) ဟာ တိုင်ရာ (Tyre) မြို့အနီး ဗုဒ္ဓဟူးနေ့က တိုက်ခိုက်မှုတခုအတွင်း သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အရင်လကလည်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတခုအတွင်း ဟက်ဇ်ဘိုလာအဖွဲ့ရဲ့ နောက်ထပ်တပ်မှူးတဦးဖြစ်တဲ့ Taleb Abdallah လည်း သေဆုံးခဲ့ပါသေးတယ်။ မနှစ် အောက်တိုဘာ ၇ ရက် နောက်ပိုင်း ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ ထိုးစစ်တွေစကတည်းက ဟက်ဇ်ဘိုလာနဲ့ အစ္စရေးစစ်တပ်ကြားမှာ နယ်စပ်ဖြတ်ကျော်ပြီး ပစ်ခတ်မှုတွေ နေ့စဉ်နီးပါး ဖြစ်နေတာပါ။

ဂါဇာမှာ အပစ်ရပ်မှသာ ဟက်ဇ်ဘိုလာက တိုက်ခိုက်မှုတွေ ရပ်တန့်သွားလိမ့်မယ်လို့ဆိုထားပြီး ဟက်ဇ်ဘိုလာရဲ့တိုက်ခိုက်မှုတွေအဆုံးမသတ်ရင် ဒီထက်ပိုကြီးမားတဲ့ စစ်ရေး စစ်ဆင်ရေးတွေလုပ်မယ်လို့ အစ္စရေးဘက်ကလည်း သတိပေးထားပါတယ်။ တချိန်တည်းမှာပဲ အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ ဗုဒ္ဓဟူးနေ့က တိုက်ခိုက်မှုတွေပြုလုပ်ခဲ့သလို အရပ်သားတွေကိုနေရပ်ကနေ ထွက်ခွာဖို့ သတိပေးထားတာကြောင့် ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းအရပ်သားတွေဟာလည်း ခိုလှုံဖို့ နေရာသစ်တွေ ရှာဖွေနေရပါတယ်။

ကုလသမဂ္ဂကတော့ ခန်းယူနစ် (Khan Younis) နဲ့ ရာဖာက ဒေသအများအပြားမှာ ပါလက်စတိုင်းတွေ နေရပ်စွန့်ခွာဖို့ အစ္စရေးက ထုတ်ပြန်ထားတာကို စိုးရိမ်ကြောင်း ပြောပါတယ်။ ဒါဟာ ဂါဇာကမ်းမြာင်ရဲ့ သုံးပုံတပုံ အကျယ်လောက်ကို သက်ရောက်မှာဖြစ်ပြီး အရပ်သား ၂၅၀,၀၀၀ အထိ ထိခိုက်နစ်နာစေနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အစ္စရေးစစ်တပ်ကတော့ ဗုဒ္ဓဟူးနေ့က တိုက်ခိုက်မှုတွေက တောင်ပိုင်း ရာဖာမြို့က ဟာမတ်စ် တိုက်ခိုက်ရေးသမားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။ အလယ်ပိုင်း Deir Balah မှာလည်း နောက်ထပ် တိုက်ခိုက်မှုတခုဖြစ်ခဲ့ပြီး ကားတစီးပေါ်မှာ လူသုံးဦးသေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ ဂါဇာမြောက်ပိုင်းမှာတော့ ဂါဇာစီးတီးရဲ့ အရှေ့ဘက်ခြမ်းက ရှုဂျာယာမှာ အစ္စရေးဘက်က မြေပြင်စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့ပါတယ်။

အစ္စရေးဟာ စစ်ရေးထိုးစစ်တွေ မစတင်မီ ဂါဇာကမ်းမြောင်ဒေသတချို့က ပါလက်စတိုင်းအရပ်သားတွေကို ထွက်ခွာကြဖို့ မကြာခဏ သတိပေးချက်တွေ ထုတ်ပြန်လေ့ ရှိပြီး ဒါဟာ အရပ်သားတွေကိုကာကွယ်ဖို့လို့ အစ္စရေးစစ်တပ်က အကြောင်းပြပါတယ်။ ပါလက်စတိုင်းနယ်မြေတွေမှာရှိနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂရုံးအကြီးအကဲ Andrea De Domenico ကတော့ အစ္စရေး-ဟာမတ်စ် စစ်ပွဲစတင်ကတည်းက ဂါဇာက ပါလက်စတိုင်း ၁၀ ဦး မှာ ၉ ဦးဟာ အနည်းဆုံး ၁ ကြိမ်ကနေ ၁၀ ကြိမ်အထိ နေရပ် ရွှေ့ပြောင်းခံခဲ့ရပြီးပြီလို့ ကုလသမဂ္ဂကခန့်မှန်းကြောင်း ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ သတိပေးထားပါတယ်။

Your browser doesn’t support HTML5

အစ္စရေးတိုက်ခိုက်မှုကြောင့် ဟက်ဇဘိုလာအကြီးတန်းတပ်မှူးတဦးသေဆုံးကြောင်း ကြေညာ