တရုတ်နိုင်ငံကို ရုတ်တရက် သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Henry Kissinger ရဲ့ သံတမန်ရေး စွမ်းဆောင်ရည်ကို တရုတ်ထိပ်တန်းသံတမန်က ချီးကျုးလိုက်ပါတယ်။ Kissinger ရဲ့ သံတမန်အမျှော်အမြင်မျိုး အမေရိကန်မှာ လိုအပ်တယ်လို့ အသက် ၁၀၀ ရှိပြီဖြစ်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းရဲ့ ဒီကနေ့ ဘေဂျင်းမြို့တော် ခရီးစဉ်အတွင်း တရုတ်ထိပ်တန်းသံတမန် Wang Yi က ပြောလိုက်တာပါ။
၁၉၇၀ ပြည့်လွန်နှစ်တွေမှာ တရုတ်နဲ့ အမေရိကန်ကြား သံတမန်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်အောင် ကြိုးပမ်းခဲ့တဲ့ မိတ်ဆွေဟောင်းအဖြစ်နဲ့ ရည်ညွှန်းသုံးနှုန်းပြီး၊ ၂ နိုင်ငံကြား နားလည်မှုတွေ အားကောင်းလာအောင် ဆောင်ရွက်နိုင်ခဲ့တဲ့ အစားမထိုးနိုင်သူ တဦးလို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။ ဘေဂျင်းမြို့တော်ကို ဒီကနေ့ ရုတ်တရက် ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းဟာ တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu နဲ့လည်း တွေ့ဆုံခဲ့တာပါ။ ၁၉၇၁ ခုနှစ်တုန်းက သမ္မတ Richard Nixon လက်ထက်မှာ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိအဖြစ် Kissinger ဘေဂျင်းမြို့တော်ကို သွားရောက်ခဲ့ပြီး နောက်တနှစ်မှာပဲ သမ္မတ Nixon ကွန်မြူနစ်တရုတ်နိုင်ငံကို သွားရောက်ခဲ့သလို၊ ၁၉၇၉ ခုနှစ်မှာတော့ ၂ နိုင်ငံ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာခဲ့ပါတယ်။
တရုတ်နိုင်ငံဘေကျင်းမြို့တော်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Henry Kissinger နဲ့အတူတွေ့ရတဲ့ တရုတ်ထိပ်တန်းသံတမန် Wang Yi (ဇူလိုင် ၁၉၊ ၂၀၂၃)
လက်ရှိအမေရိကန်အစိုးရ အနေနဲ့ တရုတ်နိုင်ငံအပေါ် မူဝါဒတွေမှာ Kissinger လို ဉာဏ်အမျှော်အမြင်နဲ့ Nixon လို သတ္တိမွေးသင့်တယ်လို့လည်း တရုတ်ထိပ်တန်းသံတမန် Wang Yi ကပြောခဲ့တာပါ။ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စတွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းအပေါ် တရုတ်က ရန်လိုတဲ့ လုပ်ရပ်တွေကြောင့် မကြာသေးခင်နှစ်တွေကစ ဆက်ဆံရေးမှာ အနိမ့်ဆုံးအဆင့်ကို ရောက်နေတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
ကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Kissinger တရုတ်နိုင်ငံ ရုတ်တရက်သွားရောက်