နှစ်ဆန်း ၁ ရက် New Orleans က လူပေါင်း ၁၄ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ ထရပ်ကားနဲ့ တိုက်ခိုက်မှုမှာ သံသယရှိသူဟာ တကိုယ်တော် ကျူးလွန်တာ ဖြစ်ပြီး သူဟာ အိုင်အက်စ် စစ်သွေးကြွ အဖွဲ့ကိုအားကျသူလို့ ယုံကြည် ရကြောင်း FBI အမေရိကန် ဗဟိုအစိုးရ ထောက်လှမ်းရေးဗျူရိုက ပြောပါတယ်။
အရင်တုန်းကတော့သူဟာ တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ သံသယရှိတဲ့ အတွက် လိုက်လံ စုံစမ်းခဲ့တာဖြစ်ကြောင်း တာဝန်ခံ အရာရှိတွေက ပြောပါတယ်။ အသက် ၄၂ နှစ် အရွယ် သံသယရှိသူ Shamsud-Din Jabbar ဟာ New Orleans ရဲ့ နာမည်ကျော် ဘာဘွန်းလမ်းမှာ လူအုပ်ထဲကို ထရပ်ကားနဲ့ မောင်းဝင်ခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ဒီအကြမ်းဖက်လုပ်ရပ်နဲ့ ပတ်သက်ပြီး ကြာသပတေးနေ့ မှာတော့ FBI က စုံစမ်းတွေ့ရှိချက်တွေကို သတင်းထောက်တွေကို တင်ပြခဲ့တာပါ။
တိုက်ခိုက်သူရဲ့ ဖုန်းဆက်သွယ် ပြောကြားချက်တွေ၊ သူ့ရဲ့ လူမှုမီဒီယာ အကောင့်နဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို ဆန်းစစ်ခဲ့သလို ရာပေါင်းများစွာကို တွေ့ဆုံမေးမြန်းချက်တွေ အရ အခုလို သုံးသပ်ရတာ ဖြစ်ပြီး၊ သူနဲ့ လက်တွဲ ဆောင်ရွက်ခဲ့သူ မရှိဘူးလို့ FBI အကြမ်းဖက်တန်ပြန်ရေး ဌာန က Christopher Raia က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ အမေရိကန် နိုင်ငံသား တဦးဖြစ်တဲ့ Jabbar ဟာ Texas ပြည်နယ်က ဖြစ်ပြီး အမေရိကန် စစ်တပ်မှာ တာဝန်ထမ်းဆောင် ခဲ့သူ တဦး ဖြစ်သလို မကြာခင် နှစ်ပိုင်းကမှာ အရံတပ်ဖွဲ့မှာ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
သူဟာ ရဲ ရဲ့ ပစ်ခတ်ဖမ်းဆီး မှုကြောင့် သေဆုံးခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ မနက် ၃ နာရီ ၁၅ မှာ နှစ်သစ်ကို ကြိုနေတဲ့ လူထု အတိုက်ခိုက်ခံရတာ ဖြစ်ပြီး သမ္မတ ဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့ ညမှာပဲ ဒီ တိုက်ခိုက်မှုကြောင့် New Orleans ဟာ ကျရှုံးမှုနဲ့ ရင်ဆိုင်ရမှာ မဟုတ်ကြောင်း ပြောကြားခဲ့သလို၊ ဒါဟာ ဒီဒေသကို သူ့ရဲ့ ယဉ်ကျေးမှုနဲ့ အထူးသဖြင့် ဒေသခံတွေကြောင့် ကမ္ဘာတလွှားက ချစ်မြတ်နိုးတာကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။
Your browser doesn’t support HTML5
New Orleans တိုက်ခိုက်မှု တကိုယ်တော်ကျူးလွန်ဟု FBI ယူဆ