ဥရောပ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ဖို့ EU ခေါင်းဆောင်တွေ သဘောတူ 

EU ဥရောပကောင်စီဥက္ကဋ္ဌ Antonio Costa (ဗဟို)၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen (ယာ) နဲ့ ပိုလန်ဝန်ကြီးချုပ် Donald Tusk (ဝဲ) တို့ဥရောပခေါင်းဆောင်တွေအစည်းအဝေးအတွင်း သတင်းစာရှင်းလင်းပွဲ။

ရုရှားနိုင်ငံနဲ့ တခြားခြိမ်းခြောက်မှုတွေကာကွယ်နိုင်ဖို့ ဥရောပမှာ စစ်ရေးစွမ်းရည်လိုအပ်ချက်တွေ ဖြည့်ဆည်းပြီး အသုံးစရိတ်တွေမြှင့်တင်ဖို့ ဥရောပသမဂ္ဂခေါင်းဆောင်တွေ သဘောတူလိုက်ကြပါ တယ်။

ဥရောပကောင်စီဥက္ကဋ္ဌ Antonio Costa (အန်တိုနီယို ကိုစတာ) ကလည်း လုပ်စရာရှိတာတွေ အများကြီး လုပ်သွားပြီးပြီဆိုပေမဲ့ ပိုလုပ်ဖို့လိုကြောင်း ခုထက်ပိုပြီး အားကောင်းအောင် မြန်မြန်ဆန်ဆန်နဲ့ အတူတူ ပူးပေါင်းလုပ်ဆောင်ဖို့ လိုတယ်လို့ မနေ့က Brussels မှာလုပ်ခဲ့တဲ့ ဥရောပ ခေါင်းဆောင်တွေရဲ့ ကာကွယ်ရေးဆိုင်ရာ တရက်တာ ထိပ်သီးအစည်းအဝေးမှာ ပြောလိုက်ပါတယ်။

ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen (အာဆယ်လာ ဗွန်ဒါ လန်း) ကလည်း ကာကွယ်ရေးအသုံးစရိတ်ကို အတိုင်းအတာတခုအထိ တိုးမြှင့်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်တွေကြားထဲမှာ ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်ကို ဘယ်လို ခွဲဝေကြမယ်ဆိုတဲ့ အသေးစိတ်အချက်အလက်အတွက်တော့အဖြေမရှိသေးပါဘူး။

Brussels မှာလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲကို NATO အတွင်းရေးမှူးချုပ် Mark Rutte (မတ်ခ် ရူတာ) နဲ့ ဗြိတိန် ဝန်ကြီးချုပ်Keir Starmer (ကီရာ စတာမား) တို့လည်း တက်ရောက်ခဲ့တာပါ။ ဥရောပနိုင်ငံတွေဟာ အမေရိကန်အပေါ် အားကိုးအားထားပြုနေရတာတွေကို လျှော့ချနိုင်ရေးနဲ့ ရုရှားရဲ့ ကျူးကျော်မှုကို တုံ့ပြန်ရေးအတွက် ကာကွယ်ရေး အသုံးစရိတ်တွေကို မကြာသေးခင်နှစ်တွေကပဲ တိုးမြှင့်ထားကြတာပါ။

အမေရိကန်သမ္မတ Donald Trump ရဲ့ နေတိုးလုံခြုံရေးမဟာမိတ်အဖွဲ့အပေါ်ထားတဲ့ သဘောထားတွေကြောင့်လည်း ဥရောပနိုင်ငံတွေက အခုလို ဆုံးဖြတ်လာကြတာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဥရောပ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ဖို့ EU ခေါင်းဆောင်တွေ သဘောတူ