ကန်အောက်လွှတ်တော်ဆုံးဖြတ်ချက် မြန်မာနိုင်ငံအပေါ် ဘယ်လို ထိခိုက်နိုင်သလဲ

Robot 8.0 Image JPEG Koala.jpeg 2022-05-18 07:41:49

Robot 8.0 Image JPEG Koala.jpeg 2022-05-18 07:41:49

ရိုဟင်ဂျာမူဆလင်တွေပေါ် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို Genocide ခေါ် လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ဖို့ အမေရိကန် အောက်လွှတ်တော်က တခဲနက် ဆုံးဖြတ်အတည်ပြုလိုက်တဲ့ ကိစ္စဟာ ၊ အပေါ်ယံ သဘောမျှသာဖြစ်ပေမယ့် မြန်မာနိုင်ငံအပေါ် အနုတ်လက္ခဏာ အကျိုးသက်ရောက်မှုတချို့ ရှိနိုင်တယ်လို့ ဝါရှင်တန်မြို့တော် Georgetown တက္ကသိုလ်က မြန်မာ့အရေး ကျွမ်းကျင်သူ ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg က ပြောကြားလိုက်ပါတယ်။ အောက်လွှတ်တော်က ဒီဆုံးဖြတ်ချက်ကို ချမှတ်ပြီး နာရီပိုင်းအတွင်း မှာပဲ ပါမောက္ခ David Steinberg ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းရာ သူက အခုလိုစတင်ပြောကြားပါတယ်။

ပါမောက္ခ David Steinberg ။ ။ အကူအညီ တချို့ပေးဖို့ အခက်အခဲပိုရှိလာနိုင်ပါတယ်။ Humanitarian Assistance လို့ခေါ်တဲ့ စာနာမှုအထောက်အပံ့တွေ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အကူအညီတချို့လည်း ပါလာလိမ့်မယ်ထင်ပါတယ်။ ရင်းနှီးမြုပ်နှံမှုကိုလည်း ထိခိုက်ပါလိမ့်မယ်။ ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုကိုလည်းနောက်တွန့်သွားစေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရင်းနှီးမြုပ်နှံလိုက်ရင် အကူအညီမပေးသင့်တဲ့ အစိုးရတရပ်ကို အကူအညီပေးနေတယ်လို့ အထင်ခံကြရမှာပါ။ ဒါကြောင့် ဒီဆုံးဖြတ်ချက်ဟာ မြန်မာအပေါ် အနုတ်လက္ခဏာ သက်ရောက်မှုရှိနိုင်ပါတယ်။

ဦးကျော်ဇံသာ။ ။ဒါပေမယ့် ဒီအပေါ်မှာ Humanitarian Assistance လို့ခေါ်တဲ့ စာနာမှုအထောက်အပံ့တွေ ပေးမယ့်ကိစ္စကိုလည်း ထိခိုက်စေမယ်ပြောတော့ စာနာမှုအကူအညီဆိုတာ ဒုက္ခသည်တွေအားလုံးအတွက်လည်း ပါဝင်တဲ့ အကူအညီဖြစ်ပါတယ်။ ဒါတွေကိုလည်း ထိခိုက်စေမယ်ဆိုတော့ ဒီလိုထိခိုက်မှုမျိုးဟာ ကြိုဆိုသင့်ပါသလား၊ ကောင်းတဲ့ ထိခိုက်မှုမျိုးလို့ ထင်ပါသလား။

ပါမောက္ခ David Steinberg ။ ။ ဟုတ်ပါတယ် စာနာမှုအထောက်အပံ့တွေ ဟာ နေရာအနှံ့မှာလိုနေပါတယ် မှန်ကန်တဲ့ အထောက်အပံ့တွေ ဖြစ်ဖို့အရေးကြီးပါတယ်။ Refugee တွေကို ကူညီဖို့လိုအပ်သလို ပြည်သူတွေထဲက ဆင်းရဲနွမ်းပါးသူတွေကိုလည်း ကူညီရပါမယ်။ စစ်ကြောင့် အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာနေသူတွေကို ကူညီရပါမယ်။ ဒီအကူအညီအားလုံးကို ဆက်ပေးသင့်ပါတယ်။

ဦးကျော်ဇံသာ။ ။ အခုပြဿနာမှာ အဓိက ပစ်မှတ်ထားပြီးတော့ အဓိကတာဝန်ရှိတယ်လို့ ပြောဆိုခံနေရတာက မြန်မာစစ်တပ်ဖြစ်ပါတယ်။ ဒါပေမယ့် တဖက်မှာလည်း အမေရိကန်အစိုးရက မြန်မာတပ်မတော်ကို လူသတ်တဲ့ကိစ္စမဟုတ်သော စာနာမှုအကူအညီပေးရေး ၊ လူ့အခွင့်အရေး စတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ လေ့ကျင့်သင်တန်းပေးဖို့လည်းစီစဉ်ထားတာဖြစ်ပါတယ်။ ဆိုတော့ အခုလိုအောက်လွှတ်တော်က ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပြီဆိုတော့ မြန်မာနဲ့ အမေရိကန် စစ်တပ်ချင်းဆက်ဆံအလားအလာ ဘယ်လိုဖြစ်သွားမယ်လို့ ထင်ပါသလဲ။

ပါမောက္ခ David Steinberg ။ ။ ကွန်ဂရက်လွှတ်တော်ဟာ စစ်ရေးလေ့ကျင့်သင်ကြားပေးမှုကိုတော့ အပြင်းအထန်ဆန့်ကျင်တယ်လို့ ထင်ပါတယ်။ စာနာမှုအကူအညီဆိုင်ရာ ကိစ္စတွေ ဖြစ်ဦးတော့ ဆန့်ကျင်ပါလိမ့်မယ်။ လူသေစေနိုင်တဲ့ ကိစ္စနဲ့ မဆိုင်တဲ့ စာနာမှုအကူအညီ သင်တန်း၊ လူ့အခွင့်အရေး ၊ တရားဥပဒေစိုးမိုးရေးကိစ္စတွေကတော့ လုပ်သင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် အခုလက်ရှိအခြေအနေမျိုးမှာ ဒီကိစ္စက ကွန်ဂရက်လွှတ်တော်မျိုးမှာ တိုးပေါက်ဖို့ အခက်အခဲရှိနေပါတယ်။ အစိုးရအနေနဲ့ကလည်း တခြားဦးစားပေးရမယ့် ကိစ္စတွေ အများအပြားရှိနေတော့ ဒီလိုမြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံရေးကို သိပ်ခွန်အားစိုက်လိမ့်မယ်မဟုတ်ပါဘူး။

ဦးကျော်ဇံသာ။ ။ ဒီပြဌာန်းချက်ကို အောက်လွှတ်တော်က ဆုံးဖြတ်အတည်ပြုလိုက်တာဖြစ်ပါတယ် မဲခွဲပြီးတော့။ ဒီဆုံးဖြတ်ချက် ပိုမိုခိုင်မာထိရောက်မှုရှိဖို့အတွက် Senate လို့ခေါ်တဲ့ အထက်လွှတ်တော်ကိုရော ဖြတ်သန်းဖို့ လိုပါသေးသလား။ အဲလိုဖြတ်သန်းလာရင်ရော အခုတခဲနက်ထောက်ခံအားပေးမှုရလိမ့်မယ်၊ ဆုံးဖြတ်အတည်ပြုမှု ရလိမ့်မယ်လို့ မျှော်လင့်နိုင်ပါသလားခင်ဗျ။

ပါမောက္ခ David Steinberg ။ ။ ဒါဟာ အောက်လွှတ်တော်ရဲ့ သဘောထားခံယူချက် Resolution ပြဌာန်းချက်ဖြစ်ပါတယ်။ ဒါစိတ်လှုပ်ရှားခံစားမှုပါ ၊ ဥပဒေ Law မဟုတ်ပါဘူး အဲဒီအထဲမှာ ဒဏ်ခတ်အရေးယူမှုကို တိုက်ရိုက်ပြဌာန်းထားတာမရှိရင် ဘာမှ တိုက်ရိုက်အကျိုးသက်ရောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျားပြောသလိုပဲ အထက်လွှတ်တော်ကိုတော့ သွားပါလိမ့်ဦးမယ်။ အဲဒီမှာ Mitch Mcconnell က ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာ ကာကွယ်လာသူပါ။ သူ့ဘက်က ဆက်လက်ကာကွယ်ပေးဦးမလားဆိုတာကတော့ ကျနော်မသိပါဘူး။ ကွန်ဂရက်လွှတ်တော်ကလည်း Christmas ကာလ အားလပ်ရက်နားတော့မှာဖြစ်ပြီးတော့ ကွန်ဂရက်အသစ်တရပ်ဖြစ်လာတော့မှာပါ။

အခုအောက်လွှတ်တော်ပြဌာန်းချက်ကို အတည်ပြုလိုက်တာဟာ အမေရိကန် သမ္မတ Trump အစိုးရအပေါ်မှာတော့ တိုက်ရိုက် သြဇာသက်ရောက်မှု မရှိနိုင်ပေမယ့် အဓိကအားဖြင့် ပြည်သူလူထုအမြင်မှာ မြန်မာနိုင်ငံပုံရိပ်ဟာ အများကြီးကျဆင်းသွားနိုင်တယ်လို့လည်း ပါမောက္ခ David Steinberg ကပြောကြားသွားပါတယ်။

Your browser doesn’t support HTML5

ကန်အောက်လွှတ်တော်ဆုံးဖြတ်ချက် မြန်မာနိုင်ငံအပေါ် ဘယ်လို ထိခိုက်နိုင်သလဲ