Charlottesville အဓိကရုဏ်း လူဖြူလူမျိုးဝါဒီတွေရဲ့ အကြမ်းဖက်လုပ်ရပ်ဟု သမ္မတအကြံပေးပြော

Charlottesville အဓိကရုန်း

Charlottesville အဓိကရုန်း

ဗာဂျီးနီးယားပြည်နယ်၊ Charlottesville မြို့မှာဖြစ်တဲ့ လူဖြူလူမျိုးရေးဝါဒီတွေရဲ့ စုဝေးပွဲမှာ အကြမ်းဖက် ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ အခြေအနေဟာ အကြမ်းဖက်ဝါဒရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ကိုက်ညီတယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ရဲ့ နိုင်ငံတော်လုံခြုံရေး ဆိုင်ရာအကြံပေးပုဂ္ဂိုလ်က ပြောပါတယ်။

တန်ပြန်ဆန္ဒပြတဲ့ လူအုပ်ထဲကို ကားနဲ့မောင်းဝင်တိုက်တာဟာ အမုန်းတရားနဲ့ တယူသန်အစွဲတွေက တွန်းအားပေးတဲ့ ရာဇဝတ် ကြောင်းလုပ်ရပ်ဖြစ်တယ်လို့ H. R. McMaster က ABC ရုပ်သံသတင်းဌာနနဲ့ တနင်္ဂနွေနေ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။ စနေနေ့က ကားနဲ့ဝင်တိုက်တဲ့ဖြစ်ရပ်ကြောင့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ရပါတယ်။

တခြားလူ ၁၉ ယောက် ဒဏ်ရာရသွားသလို ရုန်းရင်းဆန်ခတ်အခြေအနေကို ကောင်းကင်ကနေ စောင့်ကြည့်လေ့လာနေတဲ့ ဗာဂျီးနီးယားပြည်နယ်ရဲတပ်ဖွဲ့ဝင် နှစ်ဦးဟာလဲ ရဟတ်ယာဉ်ပျက်ကျတာကြောင့် သေဆုံးသွားပါတယ်။

စနေနေ့ကလုပ်တဲ့ United the Right စုဝေးဆန္ဒပြပွဲမှာ အကြမ်းဖက်ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တဲ့အပေါ် ဗာဂျီးနီးယားပြည်နယ် တရားရေးဌာနက လူမှုအခွင့်အရေးဆိုင်ရာ စုံစမ်စစ်ဆေးမှုလုပ်နေပါတယ်။ ဆန္ဒပြသူ လူဖြူအမျိုးသားရေးဝါဒီ အများအပြားဟာ သမ္မတထရမ့်ပ်ကို ထောက်ခံသူတွေဖြစ်ကြပြီး တန်ပြန်ဆန္ဒပြသူတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ကြတာပါ။

လူဖြူလူမျိုးရေးဝါဒီတွေက လူနည်းစုတွေနဲ့ ဂျူးလူမျိုးတွေကို ဆန့်ကျင်တဲ့ ဆိုင်းဘုတ်တွေကိုင်၊ ကြွေးကျော်သံတွေ အော်ဟစ် ဆန္ဒပြကြတာဖြစ်ပြီး တန်ပြန်ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်ဖြစ်ကြပြိးတော့ နာရီအတော်ကြာ တုတ်တွေနဲ့ရိုက်၊ လက်သီးထိုး၊ ကျောက်ခဲတွေနဲ့ပေါက်ကြတဲ့အပြင် ဓာတုဆေးရည်တွေနဲ့လဲ ဖျန်းပက်ကြတာပါ။

Your browser doesn’t support HTML5

Charlottesville အဓိကရုန်း လူဖြူလူမျိုးဝါဒီတွေရဲ့ အကြမ်းဖက်လုပ်ရပ်ဟု သမ္မတအကြံပေးပြော