စပိန်နိုင်ငံကနေ၊ Catalonia ဒေသခွဲထွက်ပြီး လွတ်လပ်ရေးရယူဖို့ ဆက်လုပ်သွားမယ်လို့ Catalonia ခေါင်းဆောင်က အခိုင်အမာ ဆက်ပြောထားတာနဲ့အမျှ Catalonia ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းဖို့ စပိန်အစိုးရက စီစဉ်နေပါတယ်။
စပိန်အခြေခံဥပဒေပုဒ်မ ၁၅၅ ကို အသုံးပြု လုပ်ဆောင်ရေးကိစ္စဆွေးနွေးဖို့ အစိုးရအဖွဲ့ အထူးအစည်းအဝေးတရပ်ကို စနေနေ့မှာ လုပ်ဖို့ စီစဉ်ထားတယ်လို့ ဝန်ကြီးချုပ် Mariano Rajoy ရဲ့ရုံးကပြောပါတယ်။ အဲဒီပုဒ်မအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တချို့ကိုပဲဖြစ်ဖြစ် အားလုံးကိုပဲဖြစ်ဖြစ် စပိန်အစိုးရက ရုပ်သိမ်းပစ်နိုင်တဲ့ အခွင့်အာဏာရှိပါတယ်။
စပိန်အစိုးရက တွေ့ဆုံဆွေးနွေးတာမလုပ်ဘဲ Catalonia ဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြန်ရုပ်သိမ်းဖို့ ဆက်လုပ်လာမယ်ဆိုရင် လွတ်လပ်ရေးကြေညာဖို့ Catalan လွှတ်တော်မှာ မဲခွဲဆုံးဖြတ်သွားမယ်လို့ Catalonia ခေါင်းဆောင် Carles Puidgemont က အစောပိုင်းမှာ ပြောခဲ့ပါတယ်။
ဒီလအစောပိုင်းက လူထုဆန္ဒခံယူပွဲ လုပ်ပြီးတဲ့နောက် Puidgemont အနေနဲ့ တကယ်ပဲ လွတ်လပ်ရေး ကြေညာပြီးသွားပြီလား ဆိုတာ ကြာသပတေးနေ့မနက် နောက်ဆုံးထားပြီး ရှင်းလင်းပြောဆိုဖို့ ဝန်ကြီးချုပ် Rajoy က Puidgemont ကို အချိန်ပေးထား ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကပြောတဲ့ မိန့်ခွန်းတခုထဲမှာ Puidgement က စတိသဘော လွတ်လပ်ရေးကြေညာခဲ့ပေမဲ့ စပိန်အစိုးရနဲ့ ဆွေးနွေးဖို့ လိုလားတဲ့အတွက် တရားဝင်သဘော လုပ်ရမှာတွေကို မလုပ်သေးဘဲ ဆိုင်းထားမယ်လို့ ပြောခဲ့ပါတယ်။
Your browser doesn’t support HTML5
Catalonia ရဲ့ သောင်မတင် ရေမကျ လွတ်လပ်ရေး