မြန်မာကို ICC ခုံရုံးတင်ဖို့ ဘင်္ဂလားဒေ့ရှ် လွှတ်တော်ဥက္ကဌ တိုက်တွန်း

နယ်သာလန်နိုင်ငံ the Hague မှာပြုလုပ်တဲ့ Rome Statute ခေါ် ICC ခုံးရုံးကို စတင်ခဲ့တဲ့ သဘောတူစာချုပ် အနှစ် ၂၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွှတ်တော်ဥက္ကဌ Dr. Shirin Sharmin Chaudhury မိန့်ခွန်းပြောကြားနေစဉ် ဇူလိုင် ၁၇ ရက် ၂၀၁၈ (Photo-UNB)

နယ်သာလန်နိုင်ငံ the Hague မှာပြုလုပ်တဲ့ Rome Statute ခေါ် ICC ခုံးရုံးကို စတင်ခဲ့တဲ့ သဘောတူစာချုပ် အနှစ် ၂၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွှတ်တော်ဥက္ကဌ Dr. Shirin Sharmin Chaudhury မိန့်ခွန်းပြောကြားနေစဉ် ဇူလိုင် ၁၇ ရက် ၂၀၁၈ (Photo-UNB)

ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အတင်းအကြပ်မောင်းထုတ်ခဲ့တဲ့ မြန်မာနိုင်ငံကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးအနေနဲ့ အရေးယူတဲ့ စီရင်ချက်ချမှတ်ဖို့ ICC အဖွဲ့ဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွှတ်တော်ဥက္ကဌက တိုက်တွန်းလိုက်ပါတယ်။

အင်္ဂါနေ့က နယ်သာလန်နိုင်ငံ the Hague မှာပြုလုပ်တဲ့ Rome Statute ခေါ် ICC ခုံးရုံးကို စတင်ခဲ့တဲ့ သဘောတူစာချုပ် အနှစ် ၂၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်လာချိန်မှာ သူက အဲဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ဘင်္ဂလားဒေ့ရှ် လွှတ်တော်ဥက္ကဌ Dr. Shirin Sharmin Chaudhury က အိမ်နီးချင်းမြန်မာနိုင်ငံမှာ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရှိနေတဲ့ အစဉ်အလာကြောင့် သေကြေပျက်စီး ထိခိုက်မှုတွေရှိနေတာကို ကမ္ဘာကြီးအနေနဲ့ မျက်မြင်သက်သေအဖြစ် ထပ်မံ မြင်တွေ့ခဲ့ရကြောင်း အခမ်းအနားမှာ အခုလို ပြောပါတယ်။

“၂၀၁၇ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ကစပြီး အမျိုးသမီးနဲ့ ကလေးတွေ အများစုပါဝင်တဲ့ ရိုဟင်ဂျာဒုက္ခသည် တသန်းကျော်တို့ဟာ ကျမတို့ နိုင်ငံပိုင်နက်ထဲကို ဝင်ရောက်လာခဲ့ကြပါတယ်။ လူမျိုးတုန်း သတ်ဖြတ်မှု ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဒါဟာ ရက်စက်လှတဲ့ ရာဇဝတ်မှုတွေလို ပြောခဲ့သလို၊ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကလည်း လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုဆိုင်ရာ ရှင်းလင်းတဲ့နမူနာလို့ပြောခဲ့ပါတယ်။”

ဒါကြောင့် မြန်မာလုံခြုံရေးတပ်တွေဘက်က အင်အားသုံးနယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအတွင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု စွပ်စွဲချက်တွေအတွက် ICC အနေနဲ့ တရားစီရင် အရေးယူဖို့ ဘင်္ဂလားဒေ့ရှ်က တိုက်တွန်းကြောင်း ဘင်္ဂလားဒေ့ရှ် လွှတ်တော်ဥက္ကဌ က ပြောပါတယ်။

“ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အတင်းအဓမ္မမောင်းထုတ်ခဲ့တဲ့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး အဖွဲ့ဝင်မဟုတ်တဲ့ မြန်မာနိုင်ငံအပေါ်အရေးယူနိုင်ဖို့ ICC ရဲ့ရှေ့နေချုပ်က တရားစီရင်ပိုင်ခွင့် ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ ကျမတို့က အားတတ်မိပါတယ်။ Rome Statute လို့ခေါ်တဲ့ ICC ကိုစတင်ခဲ့တဲ့ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ICC ခုံရုံးရဲ့ တောင်းခံချက်ကို အပြုသဘောဆောင် တုန့်ပြန်ခဲ့ပြီး ပဋိပက္ခနဲ့ ပတ်သက်လို့ အကြောင်းအရာ တွေကို ICC တရားသူကြီးရုံးကို အကြောင်းပြန်စာ ပေးပို့ထားပြီးလည်း ဖြစ်ပါတယ်။”

ဒါအပြင် ပြစ်ဒဏ်ကင်းလွတ်ခွင့် အစဉ်အလာ အဆုံးသတ်စေဖို့နဲ့ အပြင်းထန်ဆုံး လူသားထုအပေါ် ရက်စက်တဲ့ ရာဇဝတ်ကျူးလွန်သူတွေကို ခုံရုံးတင် အပြစ်ပေးနိုင်ရေး ဘင်္ဂလားဒေ့ရှ်အနေနဲ့ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူက အခုလိုပြောပါတယ်။

“ပြစ်မှုကျူးလွန်သူတွေကို ကင်းလွတ်ခွင့်ပြုနေတာကို အဆုံးသတ်ရေးနဲ့ ကမ္ဘာပေါ်မှာ အရက်စက်ဆုံး ပြစ်မှုတွေကို ကျူးလွန်ကြသူတွေကို တရားဥပဒေအရ အရေးယူနိုင်ရေးဦးတည်ချက် ပေါက်မြောက်ဖို့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ အားလုံးနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆန္ဒရှိပါတယ်။”

၁၉၇၁ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲအတွင်း စစ်ရာဇဝတ်မှုကျူးလွန်သူတွေ၊ လူသားမျိုးနွယ် အပေါ် ရာဇဝတ်ကျူးလွန်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှု တွေအတွက် ICC ခုံရုံးနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အစဉ်အလာကိုလည်း Dr Shirin က အခမ်းအနားမှာ ပြောသွားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ လုံလုံခြုံခြုံနဲ့ အခိုင်အမာ နေရပ်ပြန်နိုင်ရေးအတွက်နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စဉ်ဆက်မပြတ် ထိရောက်တဲ့ အခန်းကဏ္ဍ လိုအပ်နေပြီး ဘင်္ဂလားဒေ့ရှ်ဘက်က အတတ်နိုင်ဆုံး ကူညီဆောင်ရွက်နေကြောင်းDr. Shirin Sharmin Chaudhury ကဆိုပါတယ်။

“ဘင်္ဂလားဒေ့ရှ်အစိုးရက ဒီရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေကို အများကြီးပေးခဲ့ပါတယ်။ အတင်းအကျပ် မောင်းထုတ်ခံရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကိုလည်း နိုင်ငံတကာဥပဒေနဲ့အညီ ကျမတို့အစိုးရက သူတို့ သဘောဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ ဌာနေပြန်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ပေးနေပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာဒုက္ခသည်တွေ သိန်းနဲ့ချီ အတင်းအဓမ္မမောင်းထုတ်ခဲ့မှုဆိုတဲ့ စွပ်စွဲချက်အတွက် ICC အနေနဲ့ နည်းလမ်းရှာဖွေ ဆုံးဖြတ် အရေးယူဖို့ ICC ရှေ့နေချုပ် Fatou Bensouda ကဧပြီလက ICC တရားသူကြီးရုံးကို အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီအဆိုနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က တုန်ပြန်ဖို့ ICC တရားသူကြီးရုံးက အကြောင်းကြားခဲ့ရာမှာ ဇွန်လ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ဘက်က သူတို့ရဲ့အစီရင်ခံစာကို လျှို့ဝှက်စွာ တင်သွင်းခဲ့ပါတယ်။ မြန်မာအစိုးရရဲ့ သဘောထားကိုဇူလိုင်လ ၂၇ ရက်နေ့ နောက်ဆုံးထားတုန့်ပြန်ဖို့ ICC တရားသူကြီးရုံးရဲ့ အကြောင်းကြားချက်ကိုတော့ ICC အဖွဲ့ဝင်မဟုတ်တဲ့အတွက် မြန်မာအပေါ် တရားစီရင်ပိုင်ခွင့်မရှိကြောင်းနဲ့ ပြန်ကြားဖို့လည်း မလိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်က ICC အဖွဲ့ဝင်ဖြစ်ပြီး မြန်မာက အဖွဲ့ဝင်မဟုတ်ပေမဲ့လည်း လက်မှတ်ရေးထိုးထားတဲ့နိုင်ငံဘက် ဒုက္ခသည်တွေ ရောက်ရှိနေတဲ့အတွက် ICC အနေနဲ့ နယ်မြေစီရင်ပိုင်ခွင့်အာဏာနဲ့ အညီ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းကို ရှာဖွေနေတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြန်မာကို ICC ခုံရုံးတင်ဖို့ ဘင်္ဂလားဒေ့ရှ် လွှတ်တော်ဥက္ကဌ တိုက်တွန်း