မြန်မာ့ပြည်တွင်းစစ် အခြေအနေ

Myanmar Kachin War

Myanmar Kachin War

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

လွတ်လပ်ရေးရပြီး မကြာမီ ဖြစ်ပွားတဲ့ ပြည်တွင်းစစ်မီးဟာ ယနေ့အထိ တောက်လောင်နေဆဲလို့ ပြောနိုင်ပါတယ်။ ခေတ္တခဏ အပစ်အခတ်ရပ်စဲချိန်ကလွဲလို့ ပြည်နယ်အချို့မှာ တိုက်ပွဲဖြစ်နေကြပါတယ်။ ၂၀၂၁ နွေဦးတော်လှန်ရေး ဖြစ်ပွားတဲ့အခါ ပြည်တွင်းစစ်ဟာ အရှိန်အဟုန်နဲ့ ပြင်းထန်လာပြန်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်လှုပ်ရှားမှု များပြားလာတဲ့အလျှောက် ဘယ်ဘက်ကအားသာတယ်၊ ဘယ်ဘက်ကအားနည်းတယ် စသဖြင့် သုံးသပ်လာကြပါတယ်။ သတင်းသမားတွေ အရေးယူခံနေရပြီး သတင်းလွတ်လပ်မှု မရှိလို့ ခန့်မှန်းရခက်ခဲတယ်လို့လည်း ပြောကြပါတယ်။

နိုင်ငံတကာ စာနယ်ဇင်းတွေမှာ လေ့လာသူတချို့က အမျိုးမျိုးထင်ကြေးပေးကြပါတယ်။ VOA ဆောင်းပါးရှင် ဇွမ်ဘာပီတာ Zsombor Peter ကတော့ မိုးတွင်းမှာ စစ်ကောင်စီရဲ့ စစ်ယန္တရားတွေ သယ်ယူပို့ဆောင်မှု ခက်ခဲတာဟာ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေအတွက် အခွင့်ကောင်းပဲလို့ ဇွန်လ (၉) ရက်နေ့က သုံးသပ်ပါတယ်။ ဝါရင့်သုတေသီ Anthony Davis ကလည်း PDF တပ်ဖွဲ့တွေဟာ သူတို့နေရာသူတို့ ထိန်းချုပ်ထားနိုင်နေပြီဖြစ်လို့ ပိုပြီးအခြေခိုင်လာတဲ့သဘောလို့ ဆိုပါတယ်။

ဒါပေမဲ့ တရုတ်နဲ့ ဗိယက်နမ် ပြည်တွင်းစစ်ကို သင်ခန်းစာယူဖို့လည်း Anthony Davis က တင်ပြထားပါတယ်။ ကျေးလက်ပြောက်ကြားဘဝကနေ အောင်ပွဲခံဖို့ အဆင့် (၃) ဆင့် ကျော်ဖြတ်ရမယ်လို့ ဆိုပါတယ်။ ပထမအဆင့်မှာ ပြောက်ကျားတပ်ဟာ ကြီးထွားလာပါတယ်။ ဒုတိယအဆင့်က ပြည်သူ့ပြောက်ကျားနဲ့ စစ်ကောင်စီ အင်အားပြိုင်ကြတဲ့ လိပ်ခဲတည်းလည်း အခြေအနေ ဖြစ်ပါတယ်။ တတိယနဲ့ နောက်ဆုံးအဆင့်မှာ ပြောက်ကျားဘဝကနေ ပုံမှန်တပ်အဖြစ် အသွင်ကူးပြောင်းသွားပြီး အချက်အချာနေရာတွေကို ထိန်းချုပ်လာနိုင်ပါတယ်။ ဒီလိုအဆင့် (၃) ဆင့် ပြောင်းလဲသွားပုံက အခြေအနေကိုလိုက်ပြီး ရောထွေးသွားတာလည်း ရှိတယ်လို့ ဆိုပါတယ်။ အချိန်အကြာဆုံးကတော့ သူမသာကိုယ်မသာ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ ဒုတိယအဆင့် ဖြစ်ပါတယ်။ တတိယအဆင့်မှာ တော်လှန်ရေးအသာရပြီး အောင်ပွဲခံတာမို့ အချိန်အတိုဆုံးကာလဖြစ်ပြီး တနှစ်လောက်သာ ကြာနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ့ပြည်တွင်းစစ်ဟာ လိပ်ခဲတည်းလည်းကာလကို ရောက်နေပုံရပေမယ့် ဘယ်လောက်ကြာမယ်ဆိုတာကိုတော့ ခန့်မှန်းရခက်တယ်လို့ Anthony Davis က ဆိုပါတယ်။ စစ်ကောင်စီတပ်မှာ လူအင်အားပြဿနာ ရှိနေပေမယ့် လက်နက်အင်အားနဲ့ ဖွဲ့စည်းမှု ရှိနေပါသေးတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ လက်နက်အင်အားနဲ့ ဖွဲ့စည်းမှုမှာ အားကောင်းအောင် ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ကရင်၊ ကချင်၊ ကယားနဲ့ ချင်းစတဲ့ တိုင်းရင်းသားတပ်တွေ အရေးပါလာပါတယ်။ သူတို့နဲ့ PDF တပ်တွေ ပူးပေါင်းဆောင်ရွက်လာရင် လိပ်ခဲတည်းလည်းကာလဟာ တိုတောင်းသွားနိုင်ပါတယ်။ ဒီကြားထဲမှာ အရင်ကလို အပစ်အခတ်ရပ်စဲရေး လုပ်လာရင်တော့ ပြည်တွင်းစစ်ကာလ ကြာရှည်သွားနိုင်ပါတယ်။

ဝါရှင်တန်အခြေစိုက် CSIS အဖွဲ့က ဝါရင့်သုတေသီ Michael Martin ကတော့ စစ်ကောင်စီဟာ ဆက်လက်ရပ်တည်နိုင်အောင် မနည်းကြိုးပမ်းနေရတယ်လို့ ဆိုပါတယ်။ တော်လှန်ရေးတပ်တွေ လက်နက်အင်အားနဲ့ စည်းလုံးမှုအင်အား ကောင်းဖို့လိုတယ်လို့ ရဲမျိုးဟိန်းနဲ့ Lucas Meyer က ယူဆပါတယ်။ ဒါပေမဲ့ စာနယ်ဇင်းအမျိုးမျိုးမှာ အမြင်အမျိုးမျိုးကို တွေ့နိုင်ပါတယ်။ တော်လှန်ရေးအောင်ပွဲခံတော့မယ်လို့ လူမှုကွန်ရက်မှာ ရေးသားတာတွေကိုကြည့်ပြီး စိတ်ကူးနဲ့ ကြည်နူးနေမယ့် အန္တရာယ်ကို ကြုံတွေ့ရနိုင်တယ်လို့ Economist စာစောင်က သုံးသပ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ အများအပြား ပေါ်ပေါက်နေပြီး မြို့နယ်တခုတည်းမှာ တပ်ဖွဲ့ (၁၀) ဖွဲ့ကျော် ရှိနေပါတယ်။ ဒါပေမဲ့ လက်နက်ခဲယမ်း ရှားပါးတာမို့ ပြောက်ကျားခြုံခိုတိုက်ပွဲနဲ့ လုပ်ကြံသတ်ဖြတ်တာလောက်ပဲ လုပ်နိုင်ကြပါတယ်။ တပ်ဖွဲ့လေးတွေ တိုင်းပြည်နိုင်ငံအနှံ့အပြားမှာ တိုက်ခိုက်နေတာကို သတင်းရယူဖို့ အခက်အခဲ ရှိပါတယ်။

သတင်းယူတာကို ပြစ်မှုအဖြစ်မြင်နေလို့ တိုက်ပွဲသတင်းကို သီးခြားအတည်ပြုနိုင်ဖို့ အလွန်ခက်ခဲပါတယ်။ သက်ဆိုင်ရာအစိုးရဌာနကို ဖုန်းဆက်မေးတော့လည်း မဖြေနိုင်တာကများပါတယ်။ PDF အင်အားခန့််မှန်းရာမှာလည်း အမျိုးမျိုးဖြစ်နေပါတယ်။ PDF အင်အားတသိန်းလောက်ရှိပြီး ၄၀ ရာခိုင်နှုန်းမှာ လက်နက်ရှိတယ်လို့ War on the Rocks စာစောင်မှာ ဖော်ပြထားပါတယ်။ Anthony Davis ကတော့ အင်အားငါးသောင်းနဲ့ တသိန်းကြား ရှိနိုင်ပြီး ၂၀ ရာခိုင်နှုန်းလောက်သာ လက်နက်ကိုင်နိုင်တယ်လို့ ဆိုပါတယ်။ ဘဏ္ဍာရေး၊ စစ်ရေးမှာ ကူညီနိုင်ဖို့ NUG ကိုယ်စားလှယ်တွေက ဥရောပမှာ မေတ္တာရပ်ခံထားပါတယ်။

ပခုံးထမ်းပစ်လို့ရတဲ့ Stinger လို ဒုံးကျည် တရာလောက်နဲ့ စစ်သုံး M4 မောင်းပြန်သေနတ်တွေ အလုံအလောက်ရရင် အောင်ပွဲခံနိုင်မယ်လို့ တော်လှန်ရေးဘက်က ခန့််မှန်းကြတာဟာ ဒေါ်လာသန်းတထောင် မကျော်ဘူးလို့ Michael Martin က ဆိုပါတယ်။ ဒီမိုကရေစီအတွက် ကြိုးပမ်းနေကြတဲ့ အဖွဲ့အစည်းတွေကို ကူညီရမယ်လို့ ၂၀၂၂ NDAA အက်ဥပဒေမှာ ဖော်ပြပေမယ့် ဘိုင်ဒင်အစိုးရမှာ စစ်လက်နက်ကူညီဖို့ အစီအစဉ် မရှိတဲ့အတွက် ပြည်တွင်းစစ် ရေရှည်ဖြစ်ဖို့သာ အလားအလာ ရှိနေပါတယ်။

==== Unicode ====







